၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ ရှေ့မှာ ရွေးကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးပါတီကို အခြေခံသည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး တပ်မတော်နှင့် တစ်သားတည်း ရပ်တည်သည့် အုပ်ချုပ်ရေးပုံစံ ဖြစ်လာနိုင်ခြေ မြင့်မားသည့်အခြေအနေနှင့် ပြည်သူ့ရေးရာ ပြဿနာများကို တင်ပြခဲ့ပြီးဖြစ်သည်။
ဆက်လက်ပြီး ပြဿနာများကို ကိုင်တိုင်ဖြေရှင်းသင့်တဲ့ ပုံစံများကို စဉ်းစားသုံးသပ်တင်ပြမည်။
စီးပွားရေးပြဿနာကို ဖြေရှင်းရန် စဉ်းစားပြခြင်း -
(ခြေဥပဒ်မ ၃၅ ကို အခြေခံ၍ စဉ်းစားခြင်း) စီးပွားရေးပြဿနာများကို ဖြေရှင်းရာတွင် နိုင်ငံ၏ အခြေခံဥပဒေပါ ပြဌာန်းချက်များကို အခြေခံစဉ်းစားရမည်ဖြစ်သည်။ ထိုအနက် ခြေဥပဒ်မ ၃၅ သည် မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်ကို သတ်မှတ်ပြဌာန်းထားသော အရေးကြီးဆုံး အခြေခံမူတစ်ရပ်ဖြစ်သည်။
ခြေဥပဒ်မ ၃၅ တွင်
“မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးဖြစ်သည်”
ဟု အတိအကျ ပြဌာန်းထားသည်။
အဆိုပါ ပြဌာန်းချက်အရ မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်သည် အစိုးရက အပြည့်အဝ ထိန်းချုပ်သော စနစ်မဟုတ်ဘဲ ဈေးကွက်၏ လှုပ်ရှားမှု၊ ထုတ်လုပ်မှုနှင့် ယှဉ်ပြိုင်မှုအပေါ် အခြေခံထားသည့် စီးပွားရေးစနစ်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးပြဿနာများကို ဖြေရှင်းရာတွင် ဈေးကွက်စီးပွားရေး၏ အခြေခံသဘောတရားများနှင့် ကိုက်ညီစေရန် မဖြစ်မနေ လိုအပ်သည်။
ဈေးကွက်စီးပွားရေးစနစ်အရ ပြည်သူများနှင့် ပုဂ္ဂလိကကဏ္ဍသည် စီးပွားရေး၏ အဓိကအင်အားဖြစ်ပြီး အစိုးရ၏ အခန်းကဏ္ဍမှာ ဈေးကွက်ကို အစားထိုးထိန်းချုပ်ခြင်း မဟုတ်ဘဲ ဈေးကွက် လွတ်လပ်စွာ လည်ပတ်နိုင်ရန် အခြေအနေများကို ဖန်တီးပေးခြင်းဖြစ်ရမည်ဖြစ်သည်။
ထို့ကြောင့် စီးပွားရေးပြဿနာ ဖြေရှင်းရာတွင် အစိုးရအနေဖြင့် ကုန်စည်ထုတ်လုပ်မှုနှင့် ဖြန့်ချိမှုများကို အလွန်အမင်း ဝင်ရောက်ထိန်းချုပ်ခြင်းထက် စီးပွားရေးလုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်နိုင်ရန် အတားအဆီးများကို ဖယ်ရှားပေးခြင်း၊ ဈေးကွက်ယှဉ်ပြိုင်မှုကို ကာကွယ်ပေးခြင်းနှင့် ဥပဒေအာဏာစိုးမိုးမှုကို အာမခံပေးခြင်းတို့ကို အဓိကထား ဆောင်ရွက်ရမည်ဖြစ်သည်။
ထို့အပြင် ဈေးကွက်စီးပွားရေးစနစ်အောက်တွင် ဈေးနှုန်းများသည် ထုတ်လုပ်မှုနှင့် ဝယ်လိုအားအပေါ် မူတည်၍ သဘာဝအတိုင်း ချိန်ညှိနိုင်ရမည်ဖြစ်ပြီး အစိုးရ၏ မူဝါဒများသည် ဈေးကွက်၏ သဘာဝလှုပ်ရှားမှုကို ပျက်စီးစေမည့် အဆင့်သို့ မရောက်ရှိသင့်ပါ။
အကျဉ်းချုပ်အားဖြင့် ခြေဥပဒ်မ ၃၅ အရ မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးဖြစ်ကြောင်းကို အခြေခံကာသာ လက်ရှိ စီးပွားရေးပြဿနာများကို စဉ်းစားဖြေရှင်းရမည်ဖြစ်သည်။ အစိုးရ၏ အခန်းကဏ္ဍမှာ ဈေးကွက်ကို အစားထိုးခြင်း မဟုတ်ဘဲ ဈေးကွက် ကောင်းမွန်စွာ လည်ပတ်နိုင်ရန် အခြေအနေများကို ဖန်တီးပေးခြင်းဖြစ်ရမည်ဖြစ်သည်။
ဒုတိယအချက် — အလုပ်အကိုင်အခွင့်အလမ်းပြဿနာကို ဖြေရှင်းရန် အမြင်
အလုပ်အကိုင်အခွင့်အလမ်းပြဿနာကို စဉ်းစားသုံးသပ်ရာတွင် လူအများသည် ပြဿနာကို ရှုပ်ထွေးပွေလီစွာ တွေးခေါ်လေ့ရှိကြသည်။ သို့သော် အခြေခံအချက်အလက်များကို ရိုးရိုးရှင်းရှင်း ပြန်လည်ကြည့်လျှင် အလုပ်အကိုင်ပြဿနာ၏ အရင်းအမြစ်ကို နားလည်နိုင်သည်။
မည်သည့်နိုင်ငံတွင်မဆို အလုပ်အမျိုးမျိုးကို အလုံးစုံတတ်ကျွမ်းသည့် လူသားများ မရှိနိုင်ပါ။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများသည် အလုပ်ကို ခွဲခြားသတ်မှတ်၍ လုပ်ကိုင်စေရခြင်းကို အခြေခံထားရသည်။ လူတစ်ဦးချင်းစီသည် အလုပ်တစ်မျိုး၊ လုပ်ငန်းတစ်မျိုးကိုသာ ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ကြပြီး ထိုကျွမ်းကျင်မှုအပေါ် အခြေခံ၍ အလုပ်ခန့်အပ်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်နေသည့် လုပ်သားများသည် အလုပ်တစ်မျိုးစီကိုသာ ခွဲခြားလုပ်ကိုင်ကြပြီး အလုပ်လုပ်ငန်းစဉ်တစ်ခုလုံးကို အလုံးစုံ မလုပ်ကိုင်ကြပါ။
ထို့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာရန် အခြေခံလိုအပ်ချက်မှာ အမြောက်အများ ထုတ်လုပ်နိုင်သည့် လုပ်ငန်းကြီးများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထုတ်လုပ်မှုအခြေခံ လုပ်ငန်းကြီးများ မရှိပါက အလုပ်ခွဲခြားလုပ်ကိုင်နိုင်မည့် အခြေအနေ မပေါ်ပေါက်နိုင်သဖြင့် အလုပ်အကိုင်ရှားပါးမှုသည် မဖြစ်မနေ ဖြစ်ပေါ်လာမည်ဖြစ်သည်။ အသေးစားလုပ်ငန်းများသာ ရှိနေပါက အလုပ်အကိုင်ဖန်တီးနိုင်မှုမှာ အကန့်အသတ်သာ ရှိနေမည်ဖြစ်သည်။
အလုပ်အကိုင်အမြောက်အများ ဖန်တီးပေးနိုင်သော အရေးကြီးဆုံး အကြောင်းအရာတစ်ရပ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်လာခြင်းဖြစ်သည်။ FDI ဝင်ရောက်လာပါက စက်ရုံ၊ စက်မှုဇုန်များ ပေါ်ပေါက်လာပြီး ထုတ်လုပ်မှုလုပ်ငန်းကြီးများ တိုးတက်လာမည်ဖြစ်သည်။ ထိုလုပ်ငန်းကြီးများသည် အလုပ်အကိုင်အမြောက်အများကို တစ်ပြိုင်နက် ဖန်တီးပေးနိုင်သောကြောင့် အလုပ်လက်မဲ့ပြဿနာကို ထိရောက်စွာ လျော့ချနိုင်သည်။
သို့သော် FDI ဝင်ရောက်လာစေရန်အတွက် စည်းမျဉ်းစည်းကမ်းများကို ကြိုးနီများဖြင့် တင်းကြပ်စွာ ချုပ်ကိုင်ထားခြင်းဖြင့် မရနိုင်ပါ။ အစိုးရ၏ အုပ်ချုပ်ရေးစနစ်သည် ရိုးရှင်းပွင့်လင်းရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအတွက် ခန့်မှန်းနိုင်မှုရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံအတွင်း လုံခြုံရေးမတည်ငြိမ်မှုများ၊ သူပုန်ထူထောင်ရေး ဆိုင်ရာ စိုးရိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာရန် မဖြစ်နိုင်ပါ။
အလုပ်အကိုင်အခွင့်အလမ်းပြဿနာကို ဖြေရှင်းလိုပါက စကားလုံးများဖြင့်သာ မဟုတ်ဘဲ ထုတ်လုပ်မှုအခြေခံ စီးပွားရေးတည်ဆောက်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်သည့် အခြေအနေဖန်တီးမှုနှင့် တည်ငြိမ်သော နိုင်ငံရေးနှင့် လုံခြုံရေးပတ်ဝန်းကျင် တည်ဆောက်မှုတို့ကို အဓိကထား ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုအချက်များ မပြည့်စုံသရွေ့ အလုပ်အကိုင်ပြဿနာသည် ဆက်လက်တည်ရှိနေမည်သာ ဖြစ်သည်။
နေနောင်
#MNP #News

No comments:
Post a Comment