ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး စာကျက်ဝိုင်းများကို ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး စာကျက်ဝိုင်းများကို ကြည့်ရှုအားပေး

 


လွိုင်ကော်  ၊ ဖေဖော်ဝါရီ ၁၆

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်တရားရုံးအသစ် ဆောင်ရွက်နေမှု၊ အမှတ် (၄) လမ်း ကျောက်စီရေနုတ်မြောင်းနှင့် ပလက်ဖောင်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ အခြေခံပညာအထက်တန်းကျောင်းများ၌ စာကြည့်တိုက်အသစ် ဆောက်လုပ်နေမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး စာကျက်ဝိုင်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ မြို့နယ်တရားရုံးသို့ ရောက်ရှိပြီး ပြည်နယ်ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် လွိုင်ကော်မြို့နယ် တရားရုံး ၁၃၀ ပေx၅၀ ပေ သံကူကွန်ကရစ် တစ်ထပ်အဆောက်အအုံနှင့် သက်သေခံပစ္စည်းများ ထားသိုရန် ၃၀ ပေx၂၀ ပေ နှစ်ထပ်အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး ဆောင်ရွက်သွားရန်၊ လုပ်သားအင်အားနှင့် အလုပ်ချိန်တိုးမြှင့်ဆောင်ရွက်သွားရန်၊ မြေပြင်လုပ်ငန်းများသာမက ရုံးလုပ်ငန်းများပါ စနစ်တကျ အချိန်မီပြီးစီးစေရန် သက်ဆိုင်ရာဌာနများမှလည်း ကြီးကြပ်ဆောင်ရွက်ရန်နှင့် လုပ်ငန်းရာနှုန်းပြည့် ပြီးစီး၍ စာရင်းစစ်ဆေးမှုခံနိုင်သည်အထိ ပြင်ဆင်ဆောင်ရွက်သွားရန် စသည်ဖြင့် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်တရားရုံးနှင့် သက်သေခံပစ္စည်းများထားသိုရန် အဆောက်အအုံများ ဆောက်လုပ်လျက်ရှိသည့် လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့တွင်းရေစီးရေလာကောင်းမွန်ရေးနှင့် စနစ်တကျသွားလာနိုင်ရေးအတွက် ဒေါဉခူရပ်ကွက် အမှတ်(၄)လမ်းမကြီး တစ်လျှောက် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်ကျောက်စီ ရေနုတ်မြောင်းနှစ်ဖက်နှင့် ပလက်ဖောင်းအရှည် ၂၂၅ မီတာ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများအား သတ်မှတ်စံချိန် စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအမီ ဆောင်ရွက်ပြီးစီးရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက လမ်းနှင့် လမ်းပုခုံးများအား သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင် စုဘဏ္ဍာရန်ပုံငွေဖြင့် (၄၀ ပေ X ၃၀ ပေ) RCC တစ်ထပ် စာကြည့်တိုက် အသစ်ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့အနေဖြင့်လည်း သတ်မှတ်စံချိန်စံညွှန်းပြည့်မီမှုရှိစေရေး စနစ်တကျကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး စာကျက်ဝိုင်း၌ ကျောင်းသား ကျောင်းသူများ သင်ယူလေ့လာကျက်မှတ်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး စာသင်ဝိုင်းမှ ကျောင်းသားကျောင်းသူများကို ကျန်းမာရေးအထူးဂရုပြုကြရန်နှင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များသို့ အရောက်ကြိုးစားကြရန် မှာကြားပြီး ကျောင်းသား ကျောင်းသူများ သင်ယူလေ့လာကျက်မှတ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)