အင်းလေးကန်ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သာယာလှပစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်းလေးကန်ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သာယာလှပစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဖေဖော်ဝါရီ  ၉

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့က ကလောခရိုင် ညောင်ရွှေမြို့နယ် အင်းလေးကန်ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သာယာလှပစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။ 

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက အင်းလေးကန်မတိမ်ကောစေရန်နှင့် သဘာဝဝန်းကျင်ဂေဟစနစ် မပျက်သုဉ်းစေရန် ကန်ရေပြင်ကျယ်အတွင်းနှင့် စက်လှေ ရေလမ်းကြောင်းတစ်လျှောက် ဗေဒါများ၊ ကျွန်းမျောဟောင်းများ ဆယ်ယူရေး ဆောင်ရွက်ရမည့်  လုပ်ငန်းများ၊ အင်းလေးကန် အစဉ်သာယာလှပစိမ်းလန်း စိုပြည်နေစေရေး ဆောင်ရွက်ရန် လုပ်ငန်းများကို အသေးစိတ်ဆွေးနွေးမှာကြားပြီး လုပ်ငန်းများအားလုံး   ပွင့်လင်းရာသီအတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရေး စီမံပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အင်းလေးကန်၏ မြောက်ဘက်မှ တစ်နှစ် ပတ်လုံးစီးဝင်လျက်ရှိသည့် နမ့်လတ်ချောင်းအား အုတ်ဖိုရွာအနီးတွင် ကျောက်စီရေလွှဲဆည်တည်ဆောက်  ရေလွှဲယူ၍နုန်းစစ်အနည်ထိုင်စေခြင်းဖြင့်  အင်းလေးကန် အတွင်း နုန်းများတိုက်ရိုက်ဝင်ရောက်မှုမှကာကွယ်ရန် တည်ဆောက်ထားသည့် နဒီကန်နှင့်  သာစည်ကန်တို့ကို ကြည့်ရှုစစ်ဆေးပြီး  ဆယ်ယူရရှိသော နုန်းများကို တောင်သူများ၏  စိုက်ပျိုးမြေများတွင် ပြန်လည်အသုံးချ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများကို အသေးစိတ် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဟဲဟိုးမြို့  ညောင်ခါးရှည်ရွာရှိ   ဟဲဟိုးအာလူး ထုတ်လုပ်သူအသင်း၏ မျိုးအာလူးအအေးခန်း သိုလှောင်ရုံ၌ အားလူးစိုက် တောင်သူများ၊ အာလူးမျိုးထုတ်လုပ်သူလုပ်ငန်းရှင်များကို တွေ့ဆုံ၍ အာလူးမျိုး ထုတ်လုပ်မှုလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်လုပ်နိုင်သည့် အနေအထားနှင့် ထပ်မံလိုအပ်သော မျိုးအာလူးပမာဏ အတွက်  အာလူးမျိုးထုတ်လုပ်ခြင်းကို တောင်သူများကိုယ်တိုင်  တက်ကြွစွာ ပူးပေါင်းဆောင် ရွက်ကြရန်နှင့် နည်းပညာ လိုအပ်သည့် အကူအညီများကို ဌာနပညာရှင်များအပိုင်းက ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ မြေယာအသုံးပြုရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား တိတိကျကျလိုက်နာ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး ပြောကြားပြီး အာလူးစိုက်တောင်သူများ ၊ လုပ်ငန်းရှင်များ၏တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ  ဒေသခံတောင်သူများ စိုက်ပျိုးထားသော အာလူး စိုက်ခင်းများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သောပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသည်။

ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏တာယောစိုက်ပျိုးရေးသုတေသနခြံ ၊ စိုက်ပျိုးရေးဦးစီးဌာန၏ တာယောမျိုးသန့်ခြံ နှင့် ထုံးဖို စိုက်ပျိုးရေးသုတေသနခြံတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တာယောစိုက်ပျိုးရေး သုတေသနခြံသို့ရောက်ရှိပြီး ပဲပုပ်နှင့် နေကြာသုတေသနပြု စိုက်ကွင်းကို ကြည့်ရှုစစ်ဆေး၍ စိုက်ခင်းအတွင်း မိုးရာသီရေကြီးရေလျှံမဖြစ်ပွားစေရေးအတွက်  ရေကာ တမံတည်ဆောက်မည့်အစီအမံနှင့် ဆိုလာရေတင်စနစ်ဖြင့်   စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နေမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန တာယောမျိုးသန့်ခြံသို့ရောက်ရှိပြီး စိုက်ကွင်းအတွင်း ဆိုလာရေတင်စနစ်ဖြင့် ရေတင်ဆောင်ရွက်နိုင်မှုနှင့် နေကြာမျိုးစေ့ထုတ်ရန် မြေပြုပြင်ထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ ခြံစည်းရိုးပတ်လည် တစ်လျှောက် အရိပ်ရ မန်ကျည်းပင်များစိုက်ပျိုးရေး၊ ခြံအတွင်း နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးရေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ထုံးဖို စိုက်ပျိုးရေးသုတေသနခြံသို့ ရောက်ရှိရာ သစ်ခွနှင့်သဇင်ပန်းဥများအား တစ်သျှူး ကာချာ(Tissue culture)နည်းဖြင့် မျိုးမွေးမြူ သုတေသနပြုထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုကိုကြည့်ရှု၍ လိုအပ်ချက်များ မှာကြားပြီး ခြံအတွင်းဆောင်ရွက်လျက်ရှိသော ကြက်သွန်နီမျိုးစေ့ထုတ် စိုက်ပျိုးခြင်းလုပ်ငန်းနှင့်နှစ်ရှည်ပင်စိုက်ပျိုး သုတေသနပြုရန် ဆောင်ရွက်နေမှုများကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)