
ကြာအင်းဆိပ်ကြီး ၊ ဖေဖော်ဝါရီ ၂၃
၂၀၂၄ ခုနှစ်နှင့်၂၀၂၅ ခုနှစ်များတွင် နိုင်ငံတော်အစိုးရက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီး (၃) ပါးအား ဂုဏဝိသိဋ္ဌပူဇာ ပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့လယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး ပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဝဏိဿရထံမှ ငါးပါးသီလတရားတော် နာယူဆောက်တည်ခဲ့ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ခြင်း ဂုဏဝိသိဋ္ဌပူဇာအခမ်းအနား တင်ပြလျှောက်ထားလွှာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က လျှောက်ထားခဲ့သည်။
ဆက်လက်၍ ကြည်ညိုပူဇော်ပွဲအား ရတုရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိတို့ကို ဖတ်ကြားပူဇော်ဆောင်ရွက်ပြီး ဘွဲ့တံဆိပ်တော်အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့အား ဆက်ကပ်လှူဒါန်းကြရာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ သဒ္ဓမ္မဝါစီမင်းကျောင်းစာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တရေဝတာဘိဝံသအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကလည်းကောင်း၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖားပြကျေးရွာ၊ ဖားပြမင်္ဂလာသိပ္ပံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပညာစာရအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကလည်းကောင်း၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ကြာအင်းဆိပ်ကြီးမြို့နယ်၊ မင်္ဂလာကုန်းကျေးရွာ၊ မင်္ဂလာတောရမဟာစည်ရိပ်သာကျောင်းတိုက် ဒုတိယပဓာနနာယက ဆရာတော်ဘဒ္ဒန္တတေဇာနန္ဒအား မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် တစ်ဦးကလည်းကောင်း ကြည်ညိုပူဇော်ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပင့်ဖိတ်ထားသည့် ဆရာတော်/သံဃာတော်များအား သက်ဆိုင်ရာတာဝန်ရှိများ အသီးသီးက လှူဖွယ်ပစ္စည်းအစုစုတို့အား ဆက်ကပ်လှူဒါန်းကြပြီး သာဓုအနုမောဒနာတရားတော်မြတ်အား နာယူဆောက်တည်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment