ရက်စွဲ ။ ။ ၂၀၂၆ခုနှစ်၊ မတ်လ (၁၂)
ရခိုင်ပြည်နယ်အတွင်း အခြေပြုလှုပ်ရှားနေသည့် AA အကြမ်းဖက်အဖွဲ့သည် (၁၁-၃-၂၀၂၆) ရက်နေ့က ၎င်းတို့ဖမ်းဆီးထားသော ပြည်သူများ မီးလောင်ပြာကျ သေဆုံးနေမှု မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန်၍ တပ်မတော်က လေကြောင်းမှ တိုက်ခိုက်စဉ်အတွင်း စစ်သုံပန်းများ သေဆုံးခဲ့ရကြောင်း လုပ်ကြံဖန်တီး ရေးသားထုတ်ပြန်ထားသည်ကို တွေ့ရသည်။
AA အကြမ်းဖက်အဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများအား စိစစ်ကြည့်ရာ စစ်သုံပန်းအဖြစ် ဖမ်းဆီးထားသူများကို သံခြေခြင်းခတ်ထားခြင်း၊ သံလှောင်ချိုင့်အတွင်း ထည့်ထားသည်တို့ကို တွေ့ရသည့်အပြင် ကိုယ်ဝန်ဆောင်မိခင် အမျိုးသမီးများကိုပါ စစ်သုံပန်းအဖြစ် ဖမ်းဆီးခြင်းသည် လွန်စွာ ယုတ်မာရိုင်းစိုင်းသော လူမဆန်သည့် လုပ်ရပ်ကို ကျူးလွန်ခဲ့ကြခြင်း ဖြစ်ပါသည်။
ဓာတ်ပုံမှတ်တမ်းများအရ တပ်မတော်က AA အကြမ်းဖက်အဖွဲ့ကို ရှင်းလင်းဆောင်ရွက်နေသည်ကို ခုတုံးလုပ်၍ ဖမ်းဆီးထားသည့် စစ်သုံပန်းများကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ပြီး တပ်မတော်ပုံရိပ်ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ ယုတ်မာရိုင်းစိုင်းစွာ ဖန်တီးထုတ်ပြန်ထားသည့် မှတ်တမ်းများ ဖြစ်နေပါသည်။ AA အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီးထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်ဖျက်မီဒီယာများက ဝေဝေဆာဆာဖော်ပြလျက်ရှိသည်ကို တွေ့ရသည်ဖြစ်ရာ တာဝန်ရှိသူများအနေဖြင့် ပြည်သူလူထုကြား အထင်အမြင်လွဲမှား ရည်ရွယ်ချက်ရှိရှိ အောက်တန်းကျစွာ လုပ်ဆောင်နေမှုများကို ပြတ်သားစွာ တားဆီးဆောင်ရွက်ရန် တိုက်တွန်းသည်။
ရခိုင်ပြည်နယ်အတွင်း အခြေပြုလှုပ်ရှားနေသည့် AA အကြမ်းဖက်အဖွဲ့အနေဖြင့် စစ်သုံပန်းများအဖြစ် ဖမ်းဆီးချုပ်နှောင်ထားရာတွင် ရခိုင်တိုင်းရင်းသားများကို လွှတ်ပေးပြီး ဗမာများကိုသာ အစာရေစာ အငတ်ငတ် အပြတ်ပြတ်ဖြင့် သံလှောင်အိမ်တွင် ချုပ်နှောင်ထားရှိပြီး ယခုကဲ့သို့ အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်သော လုပ်ရပ်ကို ကျူးလွန်ခဲ့ခြင်းသည် ကမ္ဘာ့နိုင်ငံအသီးသီးက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် ISIS ထက် ပို၍ ဆိုးသွမ်းယုတ်မာ ရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်ဖြစ်သောကြောင့် AA အကြမ်းဖက်အဖွဲ့အား မြန်မာမြေပေါ်မှ အပြီးတိုင် ရှင်းလင်းဆောင်ရွက်ပေးရန်နှင့် AA အကြမ်းဖက်အဖွဲ့၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အောက်တန်းကျသည့် လုပ်ရပ်ကို ပြင်းထန်ပြတ်သားစွာ ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်သည်။
Myanmar National Post



No comments:
Post a Comment