မန္တလေးတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှု ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေ ရှိပါတယ်။ မန္တလေးမြို့တွင်းမှာလည်း အကြမ်းဖက်သမားတွေ ဝင်ရောက်လှုပ်ရှားမှုကို ရှင်းလင်းဆောင်ရွက်ခဲ့ရသလို အကြမ်းဖက်အဖွဲ့များစုပေါင်းပြီး မန္တလေးမြို့ကို သိမ်းပိုက်ရန်ဆိုသည်အထိ ပစ်မှတ်ထား လှုပ်ရှားလာတဲ့ အခြေအနေကို အားလုံးသိမြင်ခဲ့ရပြီး ဖြစ်ပါတယ်။
TNLA, PDF, KIA ပူးပေါင်း အကြမ်းဖက်အဖွဲ့များ အခြေပြုလှုပ်ရှားနေတဲ့ နေရာများကို တပ်မတော်က စစ်ကြောင်းများက ရှင်းလင်းဆောင်ရွက်ခဲ့မှုနဲ့ ပတ်သက်လို့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သတင်းထုတ်ပြန်ချက်မှာ - အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ကို စနစ်တကျဖြင့်ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုး ထားသည့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နှင့် ၎င်းဒေသတစ် ဝိုက်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်တွင်လည်းကောင်း၊ မတ္တရာမြို့နယ်ရှိ ဖယောင်းတောင်သတ္တုတွင်းဒေသအား ဩဂုတ် ၂၄ ရက် တွင်လည်းကောင်း၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံ တစ်ဝိုက်အား ဩဂုတ် ၂၈ ရက်တွင်လည်းကောင်း၊ ဆည်တော်ကြီးကျေးရွာနှင့် ရေလှောင်တမံအား နိုဝင်ဘာ ၇ ရက်တွင်လည်းကောင်း၊ စဉ့်ကူးမြို့နှင့် အနီးတစ်ဝိုက်တို့အား ဒီဇင်ဘာ ၁၉ ရက်တွင် လည်းကောင်း တပ်မတော်စစ်ကြောင်းများက အဝေးရောက်ဒေသခံပြည်သူများ၏ စစ်ရေးသတင်းပေးကူညီမှုများဖြင့် အဆင့်ဆင့်ခြေကုပ်ယူထိုးစစ်ဆင်၍ အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများ၏ စိတ်ကူးယဉ်စစ်ရေး ရည်မှန်းချက်ကို အပြီးတိုင်ရိုက်ချိုးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်လမ်းကြောင်းကို ရှင်းလင်းရာမှ တကက (၁၃) ကျောင်းအုပ်ကြီး ဦးဆောင်တဲ့ တပ်ရင်း၊ တပ်ဖွဲ့များက သပိတ်ကျင်း၊ မိုးကုတ်ဘက်ကို ရှင်းလင်းဆောင်ရွက်ခဲ့ပြီး မတ္တရာ၊ စဉ့်ကူးအပိုင်းကိုတော့ တပ်မဟာ (၄) တပ်မမှူး ဗိုလ်မှူးကြီး လှဇော်ဦး နဲ့ တပ်ရင်းတပ်ဖွဲ့များက ရှင်းလင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါတယ်။ အကြမ်းဖက်နှိမ်နင်းရေးကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ၂၀၂၆ နှစ်ကူးမှာပဲ တပ်မတော်စစ်ကြောင်းများက မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီလမ်းကြောင်းပွင့်စအချိန် ကျွန်တော်တို့ သတင်းမှတ်တမ်း သွားရောက်ရိုက်ကူးရာမှာ မန္တလေးက မတ္တရာအထိ လုံခြုံရေးတပ်ဖွဲ့များသာ ရှိပြီး မတ္တရာ မှ စဉ့်ကူးကြားမှာ ဆိုရင်လည်း အများပြည်သူ အခြေချနေထိုင်ခဲ့တဲ့ နေရာတွေကို အကြမ်းဖက်သမားများက အကြမ်းဖက်သမား အခြေပြုစခန်းအဖြစ် အသုံးပြုသွားခဲ့ကြတာတွေ လမ်းဘေး ဝဲယာမှာ အကြမ်းဖက်သမားတွေက ပြုလုပ်ထားတဲ့ ဘန်ကာ၊ ဆက်သွယ်ရေးမြောင်းတွေနဲ့ ခြောက်ခြားဖွယ်ရာ မြင်ကွင်းပါ။
ပထမဆုံးအကြိမ် သွားရောက်ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရတဲ့ အခြေအနေတွေကို မှတ်တမ်းရယူတဲ့ ခရီးစဉ်မှာ တပ်မမှူး ဗိုလ်မှူးကြီးက မတ္တရာ - စဉ့်ကူး လမ်းဘေးဝဲယာ အခြေပြုနေတဲ့ အကြမ်းဖက်အဖွဲ့များ၊ Alpha ဘိလပ်မြေစက်ရုံ၊ ဆည်တော်ကြီး အစရှိသော နေရာများမှာ ပြန့်ကျဲနေတဲ့ အကြမ်းဖက်အဖွဲ့များကို ငန်းတိုက်ရှင်းခဲ့ရတဲ့ အခြေအနေကို ရှင်းလင်းပြောပြပါတယ်။ လမ်းဘေးဝဲယာ က အကြမ်းဖက်အဖွဲ့တွေကို ရှင်းလင်းစဉ်မှာ အကြမ်းဖက်သမားများက ဒေသခံများကို လူသားတံတိုင်းအဖြစ် အသုံးပြုပြီး ဆုတ်ခွါထွက်ပြေးပါတယ်။ ဒေသခံပြည်သူများ အထိအခိုက်မရှိအောင် ရှင်းလင်းဆောင်ရွက်ခဲ့ရတဲ့ အခြေအနေကိုလည်း သိမြင်ခွင့် ရခဲ့ပါတယ်။ အဆိုးဆုံး အခြေအနေကတော့ TNLA, PDF အကြမ်းဖက်အဖွဲ့တွေက စဉ့်ကူး နဲ့ ကျောက်မြောင်းကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား ရတနာသိင်္ခကို မိုင်းခွဲဖျက်ဆီးသွားတဲ့ အခြေအနေက လွန်စွာ ဆိုးရွားလွန်းပါတယ်။ မိုင်းခွဲဖျက်ဆီးခံရတဲ့ ရတနာသိင်္ခတံတားကို ပညာရှင်များ စစ်ဆေးပြီးပြီဖြစ်ပါတယ်။ လုံးဝ ပြန်လည်အသုံးပြုလို့ မရတော့ပါဘူး။
ကျွန်တော်တို့ မီဒီယာအဖွဲ့ သပိတ်ကျင်းအထိ သွားခဲ့ကြပြီး အပြန်ခရီးမှာ စဉ့်ကူးအထိုင်က တပ်မမှူးကြီးနဲ့ တပ်ရင်းမှူးများက ကျည်တောက်ပေါက်ဈေးထဲကို လိုက်ပို့ပါတယ်။ ကျည်တောက်ပေါက်ဈေးဟာ ထိုစဉ်အချိန်ကတည်းက စည်ကားစပြုနေပါပြီ။
ဒုတိယတစ်ခေါက် ကျွန်တော်တို့တွေ တွင်းငယ်၊ ရှားတောကို သွားတဲ့အခါကြတော့ မတ္တရာ၊ စဉ့်ကူးလမ်းတလျှောက် ဟာ ကုန်ကားများ၊ ဆိုင်ကယ်များနဲ့ ကြိတ်ကြိတ်တိုးနေတဲ့ အခြေအနေ ဖြစ်ပါပြီ။ လမ်းဘေးဝဲယာဈေးတွေမှာလည်း စည်ကားနေပြီဖြစ်ပါတယ်။ အခုဆိုရင် စဉ့်ကူးမြို့မှာလည်း အုပ်ချုပ်ရေးယန္တရား ပြန်လည်ပို့ဆောင်ထားပေးပြီး ဖြစ်လို့ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
တတိယတစ်ခေါက်ကတော့ တကောင်းမြို့ကို တပ်မတော်စစ်ကြောင်းများက သိမ်းပိုက်ရရှိပြီးဖြစ်လို့ သတင်းမှတ်တမ်း သွားရောက်ရယူခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီဘက်ကို သွားတိုင်း စဉ့်ကူးတပ်ကို ဝင်ပြီး နယ်မြေဒေသအခြေအနေကို မေးမြန်းပါတယ်။ တပ်မှူးကြီး က အခုကတော့ အားလုံး Peace ပေါ့ကွာ လို့ ပီတိအပြုံးနဲ့ ပြောပါတယ်။ အခုဆိုရင် ဥပဒေဘောင်အတွင်း ဝင်ရောက်လိုသူတွေ လာရောက်ဆက်သွယ်ကြတယ်။ လက်ခံပေးထားတယ်။ မိသားစုနဲ့ အေးချမ်းစွာ နေထိုင်ခွင့်ပြုထားပြီး တရားဝင်အခမ်းအနား လုပ်မယ့်အချိန် မန္တလေးကို ပို့ပေးရမယ်လို့ ပြောပါတယ်။ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်သမားများကို ရှင်းလင်းဆောင်ရွက်စဉ်က ခိုကပ်ပြီး ကျန်နေခဲ့တဲ့ အကြမ်းဖက်အဖွဲ့တွေကိုလည်း သတင်းရတာနဲ့ သွားရောက်ရှင်းလင်းဆောင်ရွက်ရတဲ့ အခြေအနေကို တပ်ဖွဲ့ဝင်များ ပြောပြလို့ သိရပါတယ်။
မတ္တရာ၊ စဉ့်ကူးလမ်းပိုင်းမှာ ဒေသခံပြည်သူတွေ အေးချမ်းစွာ ကူးလူးသွားလာ ရောင်းဝယ်ဖောက်ကား လုပ်နေကြတာကို မြင်တွေ့ရတဲ့အခါကြတော့ ဒေသခံပြည်သူများရဲ့ ကိုယ်စား တပ်မှူးကြီးနဲ့ တပ်မတော်အရာရှိများ၊ တပ်မတော်သားများကို ကျေးဇူးတင်မိပါတယ်။ အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားနေစဉ်မှာ ဒေသခံပြည်သူတွေ အတိဒုက္ခမျိုးစုံရောက်ခဲ့ရပါတယ်။ စဉ့်ကူးမြို့နယ်ထဲက ကျေးရွာတွေမှာဆိုရင် ဆင်တွေ၊ မြင်းတွေနဲ့ အလှူအတန်းတွေ လုပ်နေကြတာကိုလည်း ဒုတိယတစ်ခေါက် သွားကတည်းက မြင်တွေ့ခဲ့ရပါတယ်။ အကြမ်းဖက်သမားတွေ ဖျက်ဆီးခြင်းကြောင့် ပြိုပျက်ခဲ့ရတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ နေရာမှာ အစားထိုး ပူဇော်နိုင်ဖို့ ဗုဒ္ဓရုပ်ပွားတော်တွေ ပင့်ဆောင်လာတာကိုလည်း မျက်မြင်ဒိဋ္ဌ တွေ့ခဲ့ရပါတယ်။
မတ္တရာ၊ စဉ့်ကူးဒေသအတွင်း အကြမ်းဖက်သမားကင်းစင်ဖို့၊ ဒေသခံပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာ တပ်မမှူးကြီးကတော့ ပဲ့ကိုင်ရှင်ပေါ့။ တပ်မတော်အရာရှိများ၊ တပ်မတော်သားများ အားလုံးရဲ့ ကြိုးပမ်းဆောင်ရွက်ချက်ကို မှတ်တမ်းတင် ဂုဏ်ပြုရင်း ဒေသခံပြည်သူများအနေဖြင့် ကိုယ့်ရပ်ကိုယ့်ရွာကို ဖျက်ဆီးမယ့် အကြမ်းဖက်သမားတွေကို အားပေးထောက်ခံခြင်းကြောင့် ကောင်းကျိုးမရှိ၊ ဘေးဒုက္ခအလွန်များတာကို သိမြင် နားလည် ဆင်ခြင်နိုင်ကြပါစေ။ ။
နောင်တော်လေး (ဘိုကလေး)
#News #MNP

No comments:
Post a Comment