နေပြည်တော်၊ ဧပြီ ၉
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုမြို့ရှိ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ချီးမြှင့်၍ ဂုဏ်ပြုအမှာစကားပြောကြားစဉ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်၍ ပညာရေးနှင့် ပတ်သက်သည့် ကဏ္ဍသစ်တစ်ခုကို စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က အမှာစကားပြောကြားရာတွင် ကုန်လွန်ခဲ့သည့် နှစ်တစ်နှစ် (သို့မဟုတ်) ကျန်ရစ်ခဲ့သည့် ရက်စွဲတစ်ခုသည် နောင်လာမည့် ကာလများအတွက် သမိုင်းမှတ်တမ်းများပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကို ပြန်ကြည့်မည်ဆိုပါက တပ်မတော်၏ မှတ်တမ်းပုံရိပ်များကိုလည်း ပူးတွဲတွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ထို့အတူ တပ်မတော်၏ သမိုင်းကြောင်းနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာသည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ သမိုင်းကြောင်းကို ပြန်ကြည့်ပါက ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် “ပညာရေးဌာနစု” အဖြစ် စတင်ပေါ်ပေါက်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ၁၉၅၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်တွင် “ပညာရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး”၊ ၁၉၉၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်တွင် “ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး” အဖြစ် ခေတ်ကာလနှင့်အညီ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့အနေဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍ မျက်မှောက်ကာလတိုင်ရှည်လျားသည့် သမိုင်းခရီးစဉ်တစ်လျှောက် နိုင်ငံတော်၏ ခရီးလမ်းအသွယ်သွယ်ကို အခြားလက်ရုံးတပ်များနည်းတူ ပါဝင်ဖြတ်ကျော်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ သမိုင်းကပေးသည့် အတွေ့အကြုံများအရ လိုအပ်သည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဆိုင်ရာတပ်ဖွဲ့များကို အဆင့်ဆင့်ဖွင့်လှစ်ခဲ့ပြီး ပြည်သူ့ဆက်ဆံရေး၊ စိတ်ဓာတ်စစ်ဆင်ရေးနှင့် ပညာရေးတာဝန်များကို အတိတ်သမိုင်းမှစ၍ ယနေ့ထက်တိုင် ကြိုးပမ်းထမ်းရွက်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူရုံးအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ လိုအပ်ချက်အရ ခေတ်ကာလတစ်လျှောက် မည်သို့ပင်အမည်နာမများ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သော်လည်း မူလရည်မှန်းချက်တာဝန်များဖြစ်သည့် ပြည်သူ့ဆက်ဆံရေး၊ စိတ်ဓာတ်စစ်ဆင်ရေး၊ စည်းရုံးရေး၊ ပညာပေးရေးဆိုသည့် လုပ်ငန်းတာဝန်လေးရပ်ကို ကျေပွန်စွာ ကြိုးစားအကောင်အထည်ဖော်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေး (Public Relations) နှင့် စိတ်ဓာတ်စစ်ဆင်ရေး (Psychological Warfare) ဆိုသည့် အသုံးအနှုန်းနှင့် ပတ်သက်ပြီး ပြောရမည်ဆိုပါက ပြည်သူ့ဆက်ဆံရေးဆိုသည်မှာ အဖွဲ့အစည်းတစ်ခုနှင့်လူထုအကြား အပြန်အလှန်အကျိုးရှိသည့် ဆက်ဆံရေးကို ထူထောင်ရသည့် ဆက်သွယ်ရေးမဟာဗျူဟာလုပ်ငန်းစဉ်တစ်ရပ်ပင်ဖြစ်ကြောင်း၊ စိတ်ဓာတ်စစ်ဆင်ရေးဆိုသည်မှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) အင်အားစုကြီးတစ်ခုလုံးကို စိတ်ဓာတ်နှင့် တည်ဆောက်ပြီး ပြည်သူကြားက မွေးဖွားလာသည့် တပ်မတော်နှင့် ပြည်သူကို တစ်သားတည်းဖြစ်စေသည်အထိ စွမ်းပကားကြီးမားကြောင်းကို တွေ့ရှိရမည်ဖြစ်ကြောင်း။
ယနေ့ကမ္ဘာ့ဖြစ်စဉ်များကို လေ့လာကြည့်ပါက နိုင်ငံအသီးသီး၏ ပညာရေးစနစ်အခြေခံခိုင်မာမှု ရှိ၊ မရှိဆိုသည်ကို စိန်ခေါ်မှုများစွာဖြင့် နေ့စဉ်ဆန်းစစ်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ပညာပြည့်ဝသည့် လူသားအရင်းအမြစ်များ များစွာလိုအပ်သကဲ့သို့ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများအတွက်လည်း ပညာပြည့်ဝသည့် တပ်မတော်သားအရင်းအမြစ်များ များစွာရှိနေရန် လိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးနှင့် ကွပ်ကဲမှုအောက် ပညာရေးတပ်၊ ကျောင်းများ၏ အခန်းကဏ္ဍသည် အဓိကအရေးပါသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သမိုင်းကိုပြန်ကြည့်ပါက ၁၉၅၄ ခုနှစ်၊ စက်တင်ဘာလတွင် တပ်မှူးများ ညီလာခံမှ စတင်အသက်ဝင်ခဲ့သည့် တပ်မတော်သားတိုင်း အရေး၊ အဖတ်၊ အတွက် “အ” သုံးလုံးကျေပညာရပ်များကို တတ်မြောက်ရမည်ဆိုသည့် မူဝါဒကို ထိုစဉ်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့အချိန်အခါတွင်လည်း တပ်မတော်ပညာရေးကျောင်းများကို ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးက တာဝန်ယူပြီး ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း။
ထို့အပြင် နိုင်ငံတော်၏ ဒေသအနှံ့တွင် ကျရာတာဝန်ကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များ၊ တိုက်ပွဲကျဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများ၏ သားသမီးများ၏ ပညာရည်မြင့်မားစေရန်အတွက် “တပ်မတော်ကလေးကျောင်း” များကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ၁၉၅၂ ခုနှစ်မှ စတင်ဖွင့်လှစ်ပညာသင်ကြားခဲ့ကြောင်း၊ ယနေ့အခါတွင် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် အခြေခံပညာကျောင်းများအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပြီး နိုင်ငံတော်၏ ပညာရည်မြင့်မားရေးကို အားဖြည့်ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း။
တပ်မတော်သည် နိုင်ငံတော်တည်ရှိနေသရွေ့တည်ရှိနေရမည့် အခိုင်မာဆုံးသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်သွားရမည့် တပ်မတော်တစ်ရပ်အနေဖြင့် အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံသည့် တပ်မတော်သားအရင်းအမြစ်ကောင်းများ စဉ်ဆက်မပြတ်ထွန်းကားရေးသည် အရေးကြီးဆုံးအချက်ပင်ဖြစ်ကြောင်း။
ထို့ကြောင့် လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်၍ ပညာရေးနှင့် ပတ်သက်သည့် ကဏ္ဍသစ်တစ်ခုကို စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါပညာရေးကဏ္ဍသစ်မှာ တပ်မတော်တွင် စစ်မှုထမ်းဆောင်ဆဲ တပ်မတော်သားအရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ၊ တပ်မတော်သားအငြိမ်းစားအရာရှိ၊ စစ်သည်များ၏ သား၊ သမီးများနှင့် ကျဆုံးသွားကြသော တပ်မတော်သား အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ၏ ပညာရေးကို စဉ်ဆက်မပြတ် တာဝန်ယူစောင့်ရှောက်နိုင်ရန် တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများကို ရန်ကုန်နှင့် နေပြည်တော်တွင် စတင်ဖွင့်လှစ်ပြီး အခြေခံပညာအထက်တန်းအဆင့်ပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း။
ထိုသို့ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်မျိုးဆက်သစ်ကောင်းများ စဉ်ဆက်မပြတ်ထွန်းကားလာမည့်အပြင် ပညာပြည့်ဝသည့် တပ်မတော်သားအရင်းအမြစ်ကောင်းများလည်း ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ အတန်းစဉ်ကူးပြောင်းမှုကောင်းပြီး ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသည့် ကျောင်းသားများကို တပ်မတော်ဆိုင်ရာတက္ကသိုလ်များနှင့် သိပ္ပံကျောင်းများ၊ တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်တန်းများ၊ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေးသင်တန်းများအထိ တပ်မတော်၏ ကူညီဖြည့်ဆည်းပေးမှုများနှင့် ဆက်လက်တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ကို ပြောကြားလိုကြောင်း။
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်များသည် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် စာပေ၊ ဂီတ၊ မီဒီယာ စသည့် သဘောသဘာဝအပေါ် အခြေခံပြီးဖွဲ့စည်းထားသော တပ်ဖွဲ့များဖြစ်ခြင်းကြောင့် တပ်ဖွဲ့တွင်း စည်းလုံးညီညွတ်မှုရှိစေ ရေးသည်အရေးကြီးသည့် အချက်ပင်ဖြစ်ကြောင်း၊ ပေးအပ်လာသော တာဝန်အရပ်ရပ်အပေါ် တစ်ဦးတစ်ယောက်ကောင်းအားထက် စုပေါင်းအားကို အဓိကမဏ္ဍိုင်ပြုပြီး ကျေပွန်အောင် ထမ်းဆောင်သွားကြရန် လိုအပ်ကြောင်း။
စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး ပိုမိုရေရှည်တည်တံ့ခိုင်မာရေးအတွက် အဓိကအရေးပါသည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးနှင့် ကွပ်ကဲမှုအောက်တပ်များအတွက် လိုအပ်သည့် အသွင်သဏ္ဌာန်ပိုင်းနှင့် အနှစ်သာရပိုင်းများကိုလည်း ပိုမိုခေတ်မီတိုးတက်အောင် ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ လက်ရှိနိုင်ငံတော်အစိုးရသစ်လက်ထက်တွင်လည်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့များ၏ စွမ်းပကားနှင့် နိုင်ငံ့အရေးအတွက် ဆက်လက်အားဖြည့်ကူညီ ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန်လည်း အလေးအနက်ထားမှာကြားလိုကြောင်း။
ထို့ကြောင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတပ်ဖွဲ့၏ လေးမြတ်သည့် ဂုဏ်ဒြပ်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတော်နှင့် တပ်မတော်ကပေးအပ်သည့် တာဝန်များအပေါ် ကျေပွန်အောင်ကြိုးပမ်းထမ်းဆောင်ရင်း မိမိ၏ဂုဏ်၊ တပ်ဖွဲ့၏ဂုဏ်ကို မြှင့်တင်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
#MNP #News

No comments:
Post a Comment