မြစ်ကြီးနား ၊ ဧပြီ ၁၀
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဧပြီ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးရှိသည့်အနက် ၄၅ ဦးလုံး တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူက အစည်းအဝေး ပဉ္စမနေ့တွင် အဆိုပြုလာသည့် ဒေါ်အေးအေးမော်အား လွှတ်တော်က ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ကန့်ကွက်မှုမရှိသဖြင့် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။
ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက အစည်းအဝေးပဉ္စမနေ့တွင် အဆိုပြုတင်သွင်းလာသော ဝန်ကြီးဌာန ခုနှစ်ခု၏ အမည်စာရင်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးကျော်သူရ၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ဦးကျော်မင်းခိုင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ဦးအောင်နိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ဝန်ကြီးအဖြစ် ဦးချန်တန်ခင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ဒေါက်တာအောင်ဝင်းနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ဦးရဲရင့်ဆွေတို့အားခန့်အပ်တာဝန်ပေးရန်လွှတ်တော်ကိုယ်စားလှယ်အားလုံးက ကန့်ကွက်မှုမရှိသဖြင့် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
ထို့အတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက အဆိုပြုတင်သွင်းလာသည့် ကချင်ပြည်နယ်ဥပဒေချုပ်အဖြစ် ဒေါ်နန်းလှလှအေး၊ ကချင်ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်လေးနွယ်တို့အား ခန့်အပ်တာဝန်ပေးနိုင်ရန်နှင့် ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးများအဖြစ် အဆိုပြုတင်သွင်းထားသည့် ဦးအောင်မြင့်၊ ဒေါ်ပြုံးပြုံးကြည်၊ ဒေါ်ခင်ပြုံးရီတို့အား ခန့်အပ်တာဝန်ပေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်အားလုံးက ကန့်ကွက်မှုမရှိသဖြင့် လွှတ်တော်ကသဘောတူကြောင်း ဆုံးဖြတ်သည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီများ ဖွဲ့စည်းနိုင်ရေး ရှင်းလင်းပြောကြားပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံ ချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီအား အဖွဲ့ဝင် (၅)ဦးဖြင့် ဖွဲ့စည်း နိုင်ရေးနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီများအား အဖွဲ့ဝင် (၇)ဦးဖြင့် ဖွဲ့စည်းနိုင်ရေး၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၏’ အမည် စာရင်းကို လွှတ်တော်သို့ တင်ပြပြီး အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပြီး တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားလိုက်ကြောင်းနှင့် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့) ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို သတ်မှတ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment