စစ်တွေ၊ ဧပြီလ ၈
တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ယမန်နေ့ နံနက် ၁၀ နာရီက ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက တတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်ပထမပုံမှန် အစည်းအဝေး(ဆဋ္ဌမနေ့) စတင်ကျင်းပကြောင်းနှင့် အထမြောက်ကြောင်းကြေညာသည်။ ယင်းနောက် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး((ဆဋ္ဌမနေ့)သို့ မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားကာ ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ကိုရယူသည်။
ထို့နောက် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက အဆိုပြုလာသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ အမည်စာရင်းနှင့် ပြည်နယ်ဝန်ကြီးများ၏ အမည်စာရင်းတို့အား ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်းခံရသူ စစ်တွေမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦး ကအဆိုပြုသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက အဆိုပြုလာသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ အမည်စာရင်းနှင့် ပြည်နယ်ဝန်ကြီးများ၏ အမည်စာရင်းတို့အား ပြည်နယ်လွှတ်တော်သို့ကြေညာသည်။ ဆက်လက်ပြီး အမည်စာရင်းအဆိုပြုလာခြင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်ရန်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် သမ္မတက အဆိုပြုလာသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ အမည်စာရင်းနှင့် ပြည်နယ်ဝန်ကြီးများ၏ အမည်စာရင်းအဆိုပြုလာခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ဒေါ်မြအေးအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများအဖြစ် ဗိုလ်မှူးကြီး ကျော်သူရ အားလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးအောင်ကျော်မိုးအား စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်စိုးအား လူမှုရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ကျောက်ဖြူမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ ဦးကျော်ဆွေလင်းအား လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးသက်ထွန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးမြင့်စိုးအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ကျောက်တော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမြင့်စိုးဝင်းအား စည်ပင်သာယာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးတင်လှအား တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ်လည်းကောင်း အတည်ပြုကြောင်း ကြေငြာသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်းခံရသူ စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးက ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၏ အမည်စာရင်း၊ ပြည်နယ်ဥပဒေချုပ်၏ အမည်စာရင်းနှင့် ပြည်နယ်စာရင်း စစ်ချုပ်တို့၏အမည်စာရင်းများအား အဆိုပြုသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်းခံရသူ စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးက အဆိုပြုလာသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၏ အမည်စာရင်း၊ ပြည်နယ်ဥပဒေချုပ်၏အမည်စာရင်းနှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့၏ အမည်စာရင်းများအား ပြည်နယ်လွှတ်တော်သို့ ကြေညာသည်။ ဆက်လက်ပြီး အမည်စာရင်းအဆိုပြုလာခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်ရန်ရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်းကြေညာသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်းခံရသူက အဆိုပြုလာသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများအဖြစ် ဦးအောင်ထွန်းသိန်း၊ ဒေါ်စောရွှေ၊ ပြည်နယ်ဥပဒေချုပ်အဖြစ် ဦးဝင်းမောင်၊ ပြည်နယ်စာရင်းစစ်ချုပ် အဖြစ် ဒေါ်ခင်သန်းကြည်တို့အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် အတည်ပြုကြောင်းကြေညာသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ရပ်နားကြောင်းနှင့် တတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို ဆက်လက်ကျင်းပမည့်နေ့အား လွှတ်တော်ကိုယ်စားလှယ်များထံသို့ အချိန်မီအကြောင်းကြားသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း သတင်းရရှိသည်။
ဟန်ဝင်းအောင်၊ တင်ထွန်း
#MNP #News

No comments:
Post a Comment