ဟားခါး၊ ဧပြီ ၈
တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော် အဆောက်အအုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတုတ္ထနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရာနှုန်းပြည့်တက်ရောက်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။
ထို့နောက် ဖွဲ့စည့်ပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ချင်းပြည်နယ်လွှတ်တော်ကအတည်ပြုထားသော ပြည်နယ်အစိုးရဝန်ကြီးဌာန (၇)ခုတွင် ပြည်နယ်ဝန်ကြီးများအဖြစ်ခန့်အပ်နိုင်ရန် အဆိုပြုသည့် ပြည်နယ်ဝန်ကြီး (၇)ဦး၏ အမည်စာရင်းအားတင်ပြခဲ့ရာတင်ပြသည့် ပြည်နယ်ဝန်ကြီးများသည် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီ ပြည့်စုံမှုရှိ၊ မရှိစိစစ်နိုင်ရေးနှင့်စပ်လျဉ်း၍ ချင်းပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးပဉ္စမနေ့တွင် ဆွေးနွေးအတည်ပြုချက်ရယူမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကြေညာသည်။
ယင်းနောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြည်နယ်ဥပဒေချုပ်အဖြစ် ဦးကပ်တလွန်းအားလည်းကောင်း၊ ပြည်နယ်စာရင်းစစ် ချုပ်အဖြစ် ဦးမောင်မောင်ခင်အားလည်းကောင်း အဆိုပြုတင်ပြခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရန်မရှိသဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်အဖြစ် အဆိုပြုသည့် ဦးမြတ်စံနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများအဖြစ် အဆိုပြုသည့် ဒေါ်မန်ဟောက်နျန်နှင့် ဦးကျော်သောင်းအောင်တို့အား ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူကတင်ပြရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရန်မရှိသဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတုတ္ထနေ့ ကို ရပ်နားလိုက်ပြီး အစည်းအဝေးပဉ္စမနေ့ကျင်းပမည့်နေ့ရက်နှင့်အချိန်ကို အသိပေးကြေညာသွား မည်ဖြစ်ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment