ဘားအံမြို့ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန် ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန် ဖွင့်လှစ်


ဘားအံ၊ ဧပြီ ၈

သံလွင်မြစ်ရေကျချိန်တွင် ပေါ်ထွန်းလာသော ဖြူလွလွသဲသောင်ပြင်ကြီးပေါ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်ပွဲတော်ဖွင့်ပွဲကို ဧပြီလ ၇ ရက်နေ့ မွန်းလွဲ ၄ နာရီက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းညဈေးအနီးတွင် ကျင်းပသည်။

အဆိုပါသဲသောင်ပြင်သင်္ကြန်ကို မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကရင်ပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဝင်များနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး သဲသောင်ပြင်အကျယ်ဧရိယာ ၁၀ ဧကခန့်ရှိသော နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များ၊ ကရင်အနုပညာရှင်များနှင့် ဒေသခံ တေးသံရှင်များ၏ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်၊ သနပ်ခါးသင်္ကြန်မဏ္ဍပ်၊ ဧည့်ခံကျွေးမွေးရေးစတုဒိသာမဏ္ဍပ်၊ ဒေသ ထွက်ကုန်နှင့် အစားအစာများရောင်းချသော ဈေးဆိုင်ခန်းများ၊ လာရောက်ရေကစားသူများ အနားယူအပန်းဖြေနိုင်ရန် တောင်ထန်းမိုးကာတဲများ၊ ပင်လယ်ဓါးပြကစားကွင်း၊ ပျော့ပျော့အိအိကစားကွင်း၊ သံလွင်မြစ်အတွင်းရေကစားရန်ဧရိယာ၊ ရေနစ်မြုပ်မှုဘေးအန္တရာယ်ကာကွယ်ရေးပိုက်ကွန်များ၊ ရေပြင်သက်ကယ်အဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြုံရေးအဖွဲ့များဖြင့် အများပြည်သူအေးချမ်းပျော်ရွှင်စွာ ၊ ဘေးအန္တရာယ်ကင်းရှင်းစွာပါဝင်ဆင်နွှဲနိုင်ရေး စနစ်တကျစီမံ ဆောင်ရွက်ထားကြောင်း သိရသည်။

နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပထမဦးဆုံးအကြိမ်ကျင်းပသည့် သဲသောင်ပြင်သင်္ကြန်ဖြစ်ပြီး ကရင်ပြည်နယ်၏ သဘာဝအလှတရားကိုထင်ဟပ်ပေါ်လွင်စေလိုသော၊ ကရင်တိုင်းရင်းသားတို့၏ရိုးရာ ဓလေ့များ၊ အစားအသောက်များနှင့် ဧည့်ဝတ်ကျေပွန်များကို ထင်ဟပ်ပေါ်လွင်စေလိုသော ရည်ရွယ်ချက်များဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဒေသခံများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။

သဲသောင်ပြင်သင်္ကြန်မှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ဒေသ၏ခရီးသွားလုပ်ငန်း(Community-Based Tourism)ကို အထောက်အကူပြုစေရန်မျှော်မှန်းပြီး ဒေသ၏လက်မှုအထည်များ၊ ရိုးရာအစားအစာများ၊ အလုပ် အကိုင်အခွင့်အလမ်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်ကို ဧပြီလ ၇ ရက်နေ့မှစတင်၍ ဧပြီလ ၂၀ ရက်နေ့ထိ (၁၄)ကြာ စည်ကားသိုက်မြိုက်စွာကျင်ပသွားမည်ဖြစ်သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်ဖွင့် ပွဲ၊ ပိတ်ပွဲများ၊ ကိုယ်ပိုင်သံဇဉ်နှင့် Copy သံဇဉ် မဟာသင်္ကြန်ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုဧည့်ခံဖျော်ဖြေရေးမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ ယိမ်းအကနှင့်မဏ္ဍဆုချီးမြှင့်ပွဲများ၊ လမ်းလျှောက်သင်္ကြန် (၃) နေရာ၊ သံလွင်မြစ်တွင်းနန်းဖော့အွာသဲသောင်ပြင်သင်္ကြန်နှင့် မဟာသင်္ကြန်အထိမ်းအမှတ် သက်ကြီး ပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲတို့ကိုလည်း မြန်မာတို့၏ မိရိုးဖလာထုံးတမ်းစဉ်လာများနှင့်အညီ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)