နေပြည်တော် ၊ ဧပြီ ၂၈
နေပြည်တော်အတွင်းရှိ လူငယ်မောင်မယ်များအကြား အားကစားစိတ်ဓာတ် ထက်သန်လာစေရန်နှင့် ထူးချွန်ထက်မြက်သည့် ဘော်လီဘောအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားရုံ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်သည်။
ဦးစွာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများက ဘော်လီဘောဗိုလ်လုပွဲစဉ်များဖြစ်သည့် ဇမ္ဗူသီရိမြို့နယ် (အမျိုးသမီး)အသင်းနှင့် ဥတ္တရသီရိမြို့နယ် (အမျိုးသမီး)အသင်းတို့၏ ယှဉ်ပြိုင်နေမှုများ ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်(အမျိုးသား)ဘော်လီဘောအသင်းနှင့် တပ်ကုန်းမြို့နယ် (အမျိုးသား) ဘော်လီဘောအသင်းတို့၏ ယှဉ်ပြိုင်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများတွင် ပွဲစဉ်တလျှောက်အကောင်းဆုံး အားကစားသမားဆုရရှိသော ဘော်လီဘောကစားသမားများကိုလည်းကောင်း၊ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် မြို့နယ်အလိုက် အသင်းများကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းတို့အား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အားကစားသမားများနှင့် နည်းပြများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
အဆိုပါ အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံဘော်လီဘောပြိုင်ပွဲကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများဖြင့် ဖွဲ့စည်းယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး လူငယ်များ၏ ကာယ၊ ဗလနှင့် အချင်းချင်းချစ်ကြည်ရင်းနှီးမှု တိုးတက်စေရန်အတွက် နှစ်စဉ်ကျင်းပပြုလုပ်သည့် ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)
https://t.me/MyanmarNationalPost
No comments:
Post a Comment