ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံ‌လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံ‌လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်



လွိုင်ကော်၊ ဧပြီ ၂၇

ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၊ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံ‌လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွိုင်ကော်တပ်နယ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် လေကြောင်းသမိုင်းပညာကို လေ့လာပြီး လေကြောင်းနှင့် အာကာသပညာရပ်များ၌ စိတ်ဝင်စားမှုတိုးပွားစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သည့် ပညာရပ်များကို တတ်သိနားလည်ပြီး နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရန်၊ စိတ်ဓာတ်စည်းကမ်းကောင်မွန်ပြီး ကျန်းမာကြံ့ခိုင်ကာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူငယ်များ၏ ဝါသနာကို လေ့ကျင်မှုတစ်ရပ်အနေဖြင့် မြှင့်တင်ပေးနိုင်ရန်နှင့် မျိုးဆက်သစ်လူငယ်များအား ယုံကြည်ချက်၊ ခံယူချက်မှန်ကန်စေပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်အမြစ်များ မွေးထုတ်ပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ လေကြောင်းလူငယ်သင်တန်းကို တက်ရောက်ခြင်းဖြင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ပြီး ဝါသနာတူ၊ ရည်မှန်းချက်တူကြသည့် တိုင်းရင်းသားညီကိုမောင်နှမများနှင့် တွေ့ဆုံရင်းနှီးခွင့်ရရှိမည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချသည့် ဘာသာရပ်များကို လေ့လာသင်ယူပြီး အနာဂတ်တွင် ကြယ်ပွင့်များအဖြစ် ထွန်းလင်းတောက်ပနိုင်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) အတွက် ချီးမြင့်ငွေများ ပေးအပ်ရာ သင်တန်းတာဝန်ခံအရာရှိက လက်ခံရယူခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားကာ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများ လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါသင်တန်းကို လွိုင်ကော်သင်တန်းစခန်း၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်မြို့ သင်တန်းစခန်းများ၌ ဧပြီလ ၂၇ ရက်မှ မေလ ၂၉ ရက်အထိ ရက်သတ္တပတ်ငါးပတ်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး ကယားပြည်နယ်မှ သင်တန်းသား၊ သင်တန်းသူ (၅၅) ဦး တက်ရောက်ခွင့်ရရှိကြောင်း သိရှိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)