မင်းဘူးမြို့၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်းများ ဖွင့်လှစ်ထာရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးမြို့၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်းများ ဖွင့်လှစ်ထာရှိ










မင်းဘူး၊ ဧပြီ   ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း ကမ္ဘာ့အပူဆုံးမြို့များ စာရင်းတွင် အဆင့်(၁) ဝင်ရောက်ခဲ့သည့်အတွက် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အရ မိမိတို့ နေအိမ်များ၌ နေထိုင်ရန်ခက်ခဲပြီး အပူဒဏ်ကို တိမ်းရှောင်ရန် လိုအပ်မည့်သူများနှင့် သက်ကြီးဘိုးဘွားများအား အပူရှောင်စခန်းများတွင် လာရောက်နားခိုနိုင်ရေးနှင့် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အပူရှောင်စခန်း များကို ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး  ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ပူရှောင်စခန်းများကို ပထမဦးစားပေးအဖြစ် မင်းဘူးမြို့ ပညာအလင်း ရောင်ကိုယ်ပိုင်အထက်တန်းကျောင်း၊ မင်းဘူးမြို့ သာသနာ့ဗိမာန်နှင့် စကုမြို့ရှိ မိုးကုတ်ဓမ္မရိပ်သာတို့တွင် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီခွဲအချိန်ထိ ဖွင့်လှစ်ထားပြီး နားနေခန်း၊ တရားနာခန်း၊ ထမင်းစားခန်းနှင့် TV ကြည့်ခန်းများအပြင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ ဆေးရုံးကြီးမှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း၊ TV ကြည့်ခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတရသ စာအုပ်စာပေနှင့် နေ့စဉ်ထုတ်သတင်းစာများ ဖတ်ရှုလေ့လာနိုင်ရန်နှင့် အကြို/အပို့ယာဉ် စသည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အပူရှောင်စခန်း စတင်ဖွင့်လှစ်သည့် ပထမရက်တွင် မင်းဘူးမြို့ ပညာအလင်းရောင်ကိုယ်ပိုင် အထက်တန်းကျောင်း၌ သက်ကြီးဘိုဘွား ၂၀ ဦးက လာရောက်နားခို နေထိုင်လျက်ရှိပြီး လိုအပ်သော ပံ့ပိုးကူညီမှုများနှင့် ကျန်းမာရေဝန်ဆောင်မှုများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ယခုလက်ရှိ အပူရှောင်စခန်းများတွင် လူဦးရေပေါင်း ၄၀၀ ဦးခန့် အပူရှောင်နားခို နိုင်စေရန် စီစဉ်ဆောင်ရွက်ထားပြီး မင်းဘူး(စကု)မြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၈၅၀ ဦးကျော်ရှိကြောင်း၊ အပူရှောင်စခန်းများသို့ လာရောက်နားခိုသည့် လူဦးရေအနည်းအများအပေါ် မူတည်၍ အပူရှောင်စခန်းများကို ကျောက်တန်းကျေးရွာ၊ ဖလံရုံကျေးရွာနှင့် အောက်ကျောင်းကျေးရွာ တို့တွင် အရန်နေရာများသတ်မှတ်၍ ကြိုတင်စီမံ ဆောင်ရွက်ထားရှိကြောင်း၊ အဆိုပါ အပူရှောင်စခန်းများအတွက် နိုင်ငံတော်ယာယီသမ္မတက အလှူငွေကျပ် သိန်း(၃၀၀)နှင့် ငွေကျပ်(၉၁)သိန်းတန်ဖိုးရှိ ဓာတ်ဆားနှင့် အချိုရည်များ၊ လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငွေကျပ်(၇၃)သိန်း ကျော်တန်ဖိုးရှိ ရေသန့်၊အချိုရည်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အလှူငွေကျပ် သိန်း(၁၀၀)နှင့် ငွေကျပ်(၆၁)သိန်း တန်ဖိုးရှိ အားဖြည့်အချိုရည်များကို လှူဒါန်းပေးပို့ထားရှိပြီး စုစုပေါင်းအလှူငွေနှင့် ပစ္စည်း တန်ဖိုးငွေ ကျပ်မှာ ၆၂၅၅၀၀၀ဝ (ကျပ်သိန်းခြောက်ရာနှစ်ဆယ့်ငါးသိန်းငါးသောင်း) ဖြစ်ကြောင်း၊ အပူရှောင်စခန်းများ အောင်မြင်စွာဖွင့်လှစ်နိုင်ရေး ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ လူမှုကူညီရေး အသင်းအဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များနှင့် ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနှယ်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း စသည့် လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာ ဆေးရုံများ၌ အရေးပေါ်ဆေးကုသပေးခြင်းများ ဆောင်ရွက်နိုင်ရန် မင်းဘူးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံးကြီးနှင့် စကုမြို့ရှိ ပြည်သူ့ဆေးရုံတွင် လူနာစမ်းသပ်ခန်းနှင့် ဆေးကုခန်းများကို အရန်သင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း၊ ထို့အပြင် အပူဒဏ်အန္တယ်ရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ပညာပေးလုပ်ငန်းများအဖြစ် ရပ်ကွက်/ကျေးရွာများအလိုက် အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးလှည့်လည်နှိုးဆော်ခြင်း၊ လူစည်ကားရာ နေရာများတွင် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူခြင်းလုပ်ငန်း များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)