ဘားအံ ၊ မေ ၂၄
မကြာမီကာလအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းနှင့် ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေစေရေးအတွက် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ဆရာ၊ဆရာမများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မဲဘောင်အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ သန့်ရှင်းလုပ်ငန်းသုံးယာဉ်၊ ယန္တရားများအသုံးပြုပြီး ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန် စေရေး ရေမြောင်းဖော်ပေးခြင်း၊ စွန့်ပစ်ပလက်စတစ်နှင့် အမှိုက်သရိုက်များအား ဖယ်ရှားရှင်းလင်းခြင်းအစရှိသည့် သန့်ရှင်း ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းနေပျော်၍ စာသင်တော်သော ကလေးများဖြစ်စေရေး ကျောင်းနှင့် ဝန်းကျင်ကို သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကောင်းများအဖြစ် အစဉ်ဖန်တီးပေးကြရန် တာဝန်ရှိ သူများအား မှာကြားသည်။အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါကျောင်းများတွင် စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ ရေ၊ မီး၊ မိလ္လာများ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ ရောက်ရှိအပ်နှံပညာသင်ကြားနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်ပညာရေးမှူးရုံးနှင့်ဌာနဆိုင်ရာများက ကျောင်းအပ်နှံရေး လှုံ့ဆော်မြေစိုက်ပိုစတာများ စိုက်ထူ၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ မဲဘောင်အဆင့်မြင့်စံပြဈေးကြီးအတွင်း ဈေးရောင်ချသူများနှင့် လာရောက်ဝယ်ယူသူများ၊ အဆိုပါဈေးရှေ့တွင် ဖြတ်သန်းသွားလာသူများအား ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာများ၊ အခမဲ့ထောက်ပံ့မှုများ၊ သိရှိလိုက်နာရမည့်အချက်များ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်များ ပါဝင်သည့် လက်ကမ်းစာစောင်များ ကို ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက မိုးများစွာရွာသွန်း၍ ဘားအံ- လှိုင်းဘွဲကားလမ်းမကြီး ၁၄ ကီလိုမီတာနှင့် ၁၄ ဒဿမ ၅ ကီလိုမီတာကြားရှိ အုတ်ခုံခံသံကူကွန်ကရစ်တံတားတစ်စင်း သည် ကမ်းကပ်ခုံနိမ့်ကျသွားသည့်အတွက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရေး ပြည်နယ်လမ်းဦးစီးဌာနမှ အကျယ် ၁၄ ပေ၊ အရှည် ၇၀ ပေ၊ ယာဉ်နှင်ကုန်တန်(၄၀)ခံနိုင်ဝန်ရှိသည့် ယာယီနှစ်လွှာတစ်ထပ်ဘေလီတံတားကို တစ်ရက်အတွင်းဆောင်ရွက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တန် (၄၀) နှင့် အထက်ယာဉ်များ ဖြတ်သန်းသွားလာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းနှင့် ယခုအခါ အဆိုပါယာယီဘေလီတံတားမှတစ်ဆင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်း သိရသည်။
အလားတူ အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ဘားအံဇုန် အုပ်စုပတ်လည် တတိယပွဲစဉ်အနေဖြင့် မေလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်အားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ကရင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment