ကတ္တမန္ဒူး၊ မေ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ၂၀၂၆ ခုနှစ်အတွက် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းရာတွင် “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ် တော် ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့သည့် နီပေါနိုင်ငံမှ ပြည်ပဘွဲ့ခံဆရာတော် Most Venerable Khenpo Chimed Tsering (Dr. Lharkyal Lama) အား ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်း အခမ်း အနားကို ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်၊ ၁၀၀၀ နာရီတွင် နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ Ngagyur Palyul Ling ကျောင်းတိုက်၌ ကျင်းပပြုုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံတော်အစိုးရကိုယ်စား နီပေါနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန့်စင် က ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်၊ ဝမ်းမြောက်ဂုဏ်ပြုစကားနှင့် မြန်မာနှင့် နီပေါ နှစ်နိုင်ငံအကြား သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များကို လျှောက်ထားခဲ့ပြီး ဆရာတော်အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ခဲ့ ပါသည်။ ထို့နောက် Maha Bodhi Society မှ အထွေထွေအတွင်းရေးမှူး ဆရာတော် Bhante Ananad၊ His Eminence Tulku Sherab Sangpo Rinpoche၊ Dr. Karma Phuntsok နှင့် နီပေါနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး Mrs. Ruwanthi Delpitiya တို့က ဝမ်းမြောက် ဂုဏ်ပြုစကားများ ပြောကြားခဲ့ပြီး ဆရာတော် Most Venerable Khenpo Chimed Tsering (Dr. Lharkyal Lama) မှ ဝမ်းမြောက်ဂုဏ်ယူစကားနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အခမ်းအနားသို့ နီပေါနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး၊ အိန္ဒိယနှင့် အမေရိကန် နိုင်ငံသံရုံးတို့မှ သံတမန်များ၊ နီပေါနိုင်ငံရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများမှ ဆရာတော်ကြီး များ၊ သီလရှင်များ၊ လုမ္ဗိနီဒေသဖွံ့ဖြိုးတိုးတက်ရေးရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာသံရုံးမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ စုစုပေါင်း (၂၀၀) ခန့် တက်ရောက်ခဲ့ ကြသည်။
ဆရာတော် Most Venerable Khenpo Chimed Tsering (Dr. Lharkyal Lama) သည် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ လုမ္ဗိနီဗုဒ္ဓဥယျာဉ်နှင့်သက်ဆိုင်သည့်ကိစ္စရပ်များကို ဦးစီး တာဝန်ယူဆောင်ရွက်ရသည့် Lumbini Development Trust အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် Ngagyur Palyul Ling ကျောင်းတိုက် ၏ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ကာ လုမ္ဗိနီဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် ဦးစီးဦးဆောင်ပြု ကြိုးပမ်းဆောင်ရွက်လျက်ရှိသူ ဖြစ်သည်။
#MNP #News




No comments:
Post a Comment