ဂျကာတာ၊ မေ ၂၄
အာဆီယံ-အိန္ဒိယ ဈေးရောင်းပွဲတော် ၂၀၂၆ ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ The Westin Hotel ၌ ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်တွင် ကျင်းပခဲ့ရာ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ ပြခန်းဖွင့်လှစ်၍ ပါဝင်ခဲ့သည်။ အဆိုပါပွဲတော်တွင် မြန်မာအဖွဲ့ရုံးမှ မြန်မာ့ ရိုးရာထုတ်ကုန်ပစ္စည်းများကို စုံလင်စွာ ခင်းကျင်းပြသခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးအောင်မျိုးမြင့်က အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံဆိုင်ရာ သံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။
အာဆီယံ-အိန္ဒိယ ဈေးရောင်းပွဲတော် ၂၀၂၆ ၏ ဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Srinivas Gotru၊ Indonindians ၏ ဥက္ကဋ္ဌ Ms. Poonam Sagar၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Sandeep Chakravorty၊ အာဆီယံဆိုင်ရာ ဖိလစ်ပိုင် အမြဲတမ်းကိုယ်စားလှယ် H.E. Evangeline Jimenez-Ducrocq၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အာဆီယံရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် H.E. Ina Hagniningtyas Krisnamurthi နှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း၊ ဒုတိယ အတွင်းရေးမှူးချုပ် H.E. Satvinder Singh တို့က အသီးသီး အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။
အာဆီယံ-အိန္ဒိယ ဈေးရောင်းပွဲတော် ၂၀၂၆ ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့ အကြား ယဉ်ကျေးမှုဖလှယ်ရန်၊ စီးပွားရေးနှင့် ကုန်သွယ်မှုချိတ်ဆက်မှုများကို မြှင့်တင်ရန်နှင့် လူမှုအသိုက်အဝန်းအကြား ထိတွေ့ဆက်ဆံမှု ပိုမိုမြင့်မားစေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့မှ ထုတ်ကုန်ပစ္စည်းများ၊ ရိုးရာအစားအသောက်များ၊ ဝန်ဆောင်မှုများနှင့် ယဉ်ကျေးမှုလက်ရာများကို ပြခန်းများ ဖွင့်လှစ်ပြသ၍ ရောင်းချခဲ့ကြသည်။
အာဆီယံ-အိန္ဒိယ ဈေးရောင်းပွဲတော်ကို အာဆီယံဆိုင်ရာ အိန္ဒိယအဖွဲ့ရုံးနှင့် IndoIndians အဖွဲ့အစည်းတို့က နှစ်စဉ် ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ဈေးရောင်းပွဲတော်သို့ ပြည်တွင်း/ပြည်ပမှ ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များအပါအဝင် လူဦးရေ ၁,၀၀၀ ကျော် လာရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။
#MNP #News



No comments:
Post a Comment