နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ ကိုရီးယားသမ္မတနိုင်ငံသို့ ကြွရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ ကိုရီးယားသမ္မတနိုင်ငံသို့ ကြွရောက်






ဆိုးလ်၊ မေ ၂၄

၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်မှ ၂၆ ရက်အထိ Korean Wave Culture Industry Froum (KWCIF) ၏ စီစဉ်ဖိတ်ကြားမှုဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့သို့လာရောက်၍  ၂၄-၅-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် “50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနားသို့ ပါဝင်တက်ရောက်ရန်အတွက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ကြီးမှူးသည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၂-၅-၂၀၂၆ ရက်၊ နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းလေဆိပ်သို့ရောက်ရှိခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်၊ စစ်သံ(ကြည်း၊ ရေ၊လေ)ရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင့်သူ နှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့သည်။

ထို့နောက် ဆရာတော်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆိုးလ်မြို့ရှိ Jogyesa Temple သို့ သွားရောက်ခဲ့ပြီး ကျောင်းထိုင်ဆရာတော် Venerable Damhwa Wonmyeong ကိုတွေ့ဆုံခဲ့သည်။  

Jogyesa Temple သည် ကိုရီးယားနိုင်ငံ ဗုဒ္ဓဘာသာ Jogye Order ၏ အဓိက ဗဟိုဘုန်းတော်ကြီးကျောင်းဖြစ်ပြီး ဆိုးလ်မြို့လယ်၌ တည်ရှိသည်။ ၁၉၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကိုရီးယားဗုဒ္ဓဘာသာ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာရေး လှုပ်ရှားမှုများတွင် အရေးပါသောနေရာတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရသော ဘုန်းကြီး ကျောင်းတစ်ခု ဖြစ်သည်။ ဆက်လက်၍ ဆရာတော်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် Office of the President of the Jogye Order သို့သွားရောက်ကာ Jogye Order of Korean Buddhism ၏  (၃၇) ယောက်မြောက် ဥက္ကဋ္ဌ Ven. Jinwoo နှင့် တွေ့ဆုံခဲ့သည်။ Jogyesa Temple သည် ကိုရီးယားရိုးရာဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားပြီး Daeungjeon Hall (Main Buddha Hall)၊ နှစ်ရာချီသက်တမ်းရှိသော သစ်ပင်ကြီးများနှင့် ရိုးရာမီးပုံးပွဲတော်များကြောင့် လူသိများပြီး Buddha’s Birthday Lantern Festival ကာလ တွင် အရောင်အသွေးစုံ မီးပုံးများဖြင့် အထူးအလှဆင်ကျင်းပလေ့ရှိရာ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ စိတ်ဝင်တစား လာရောက်ကြသည့် ဗုဒ္ဓဘာသာဆိုင်ရာနေရာ တစ်ခုဖြစ်သည်။

ထို့နောက် ဆရာတော်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Dongguk University သို့ သွားရောက်ပြီး Dongguk University၏ ဥက္ကဋ္ဌ Yun Jae-woon နှင့်တွေ့ဆုံခဲ့သည်။ Dongguk University တွင် မြန်မာကျောင်းသား (၃၀၀) ကျော် ပညာသင်ကြားလျက်ရှိရာ ဆရာတော်က ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပြီး အားပေးစကားပြောကြားခြင်း၊ ယဉ်ကျေးလိမ္မာသည့် ပညာတတ်လူငယ်များဖြစ်စေရန် ဆုံးမခြင်းတို့ကို ပြုလုပ်ခဲ့သည်။  

Dongguk University၏ ဥက္ကဋ္ဌ Yun Jae-woon က သားသတ်လွတ်နေ့ဆွမ်း ကပ်လှူ ခဲ့သည်။ ၎င်းနောက် အဆိုပါကျောင်း၏   Dharam Hall ၌ ဆရာတော်ကြီးက ကျောင်းသား၊ ကျောင်းသူများကို တရားဓမ္မဟောကြားခဲ့သည်။ Dongguk University သည် ဘာသာရေး ဆိုင်ရာ ဘာသာရပ်များအပါအဝင် အင်ဂျင်နီယာ၊ စီးပွားရေး၊ အနုပညာ၊ သိပ္ပံ၊ ဆေးပညာနှင့် AI ဆိုင်ရာ ဘာသာရပ်များနှင့်သက်ဆိုင်သော ဘွဲ့ကြိုနှင့် ဘွဲ့လွန်အထူးပြု ဘာသာရပ်များစွာ ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်၍ ဆရာတော်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Buddhist Broadcasting System (BBS) သို့ သွားရောက်ခဲ့ပြီး တိုက်ရိုက် ထုတ်လွှင့်မှုအစီအစဉ်တွင် ပါဝင်ခဲ့၍ တရားဓမ္မဆိုင်ရာ မေးမြန်းလျှောက်ထားမှုများအပေါ် ပြန်လည်မိန့်ကြားခဲ့သည်။  BBS သည် ကိုရီးယားသမ္မတနိုင်ငံ၏ ပထမဆုံးသော ဗုဒ္ဓဘာသာရုပ်သံနှင့် ရေဒီယိုကွန်ယက် ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်တွင် ဗုဒ္ဓဘာသာဝင်များ၊ ဘာသာရေးအဖွဲ့များနှင့် ဂိုဏ်များ၏ ပံ့ပိုးမှုဖြင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ရေဒီယိုအစီအစဉ်များအပြင် ရုပ်သံလိုင်း (BBS TV) များမှ တစ်ဆင့်လည်း ဗုဒ္ဓစာပေ၊ တရားထိုင်နည်း၊ ဝိပဿနာနှင့် ကိုရီးယားနိုင်ငံတွင်း နှင့်နိုင်ငံတကာ ဗုဒ္ဓဘာသာသတင်းများကို တင်ဆက်လျက်ရှိသည်။

ထို့နောက် ဆရာတော်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် Gyeongbuk မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ခေတ္တတည်းခိုမည့် Commodore Hotel Gyeongju သို့ ၂၁၅၀ နာရီ အချိန်တွင် ရောက်ရှိခဲ့သည်။ 

၂၃-၅-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင်  ဆရာတော်ကြီးဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် UNESCO ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မှတ်တမ်းဝင်ဖြစ်သော Bulguksa Temple  သို့ သွားရောက်၍ Venerable Jongcheon နှင့်တွေ့ဆုံခြင်း၊ Tongdosa Temple သို့ သွားရောက်၍ Venerable Hyeon-deok နှင့်တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။  Venerable Hyeon-deok မှ နေ့ဆွမ်းဆပ်ကပ်ခဲ့ပြီးနောက် ဆရာတော်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဆိုးလ်မြို့သို့ ပြန်လည်ထွက်ခွာလာရာ ၁၈ ၃၀ နာရီအချိန်တွင် ခေတ္တ တည်းခိုမည့် Grand Hyatt Seoul သို့ ရောက်ရှိချိန်၌ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက ကြိုဆိုခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)