လက်လွှတ်ခဲ့ရတဲ့ ပညာရေးအိပ်မက်တွေကို ပြန်လည်အသက်သွင်းခြင်း
(မူလတန်းနှင့် အလယ်တန်းဆင့် Placement Test ဆောင်ရွက်ပေးမည်)
“ပညာသင်ယူခွင့်” ဆိုတာ နိုင်ငံသားကလေးငယ်တိုင်း မွေးဖွားကတည်းက ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ အတန်းပညာရှိမှသာ အသိပညာနဲ့ အတတ်ပညာတွေ ပြည့်စုံပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ်တွေ မြင့်မားလာမှာပါ။ ဒါကြောင့် ကလေးတိုင်း ကျောင်းမပျက်မကွက် တက်ရောက်နိုင်ဖို့က သူတို့ဘဝရဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ကာလတွေအတွင်းမှာ ကိုဗစ်-၁၉ ကြောင့် ကျောင်းပိတ်ခဲ့ရတာတွေ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေဖြစ်ခဲ့ပြီး နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာခဲ့ရတဲ့ နောက်ပိုင်း နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေက စဉ်းစားဆင်ခြင်နိုင်စွမ်းနည်းပါးသေးတဲ့ ကလေး တွေကို လက်နက်စွဲကိုင်ချင်လာအောင်၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင်ချင်လာအောင် အမျိုးမျိုး သွေးထိုးခဲ့ကြပါတယ်။ အဲဒီ လွဲမှားတဲ့ သွေးဆောင်မှုတွေကြောင့် ကလေးတွေဟာ ကျောင်းရပ်နားခဲ့ရပြီး တောထဲရောက်ခဲ့တာတွေ၊ မိသားစုတွင်းမှာရှိတဲ့ စီးပွားရေးပြဿနာတွေ၊ နယ်မြေဒေသ မတည်ငြိမ်မှုကြောင့် စစ်ဘေးရှောင်နေရတဲ့ကလေးတွေ စတဲ့ ကျောင်းနေအရွယ် ကလေးငယ် အများအပြားဟာ ပညာရေးခရီးလမ်းတစ်ဝက်မှာတင် သင်ယူမှုကို ရပ်တန့်ခဲ့ကြရပါတယ်။ အခုလို ကလေးငယ်တွေ ကျောင်းပြင်ပ ရောက်သွားပြီး ပညာရေးနဲ့ အလှမ်းဝေးခဲ့ရတာဟာ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းအတွက်သာမကဘဲ နိုင်ငံတော်အတွက်ပါ တကယ်ကို စိတ်မချမ်းမြေ့စရာ၊ ကြီးမားလှတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ရပါတယ်။
“ပညာမဲ့ရင် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအောက် လွယ်လွယ်နဲ့ ရောက်သွားတတ်ပါတယ်”
ပညာဆိုတာ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်တဲ့ အလင်းရောင်ပါ။ ပညာနဲ့ ဝေးကွာသွားတဲ့အခါ မိမိကိုယ်ကို ထိန်းကျောင်းနိုင်စွမ်း အားနည်းသွားပြီး၊ သက်တူ ရွယ်တူတွေကြားမှာ ပညာအဆင့်အတန်း ကွာဟကာ ဘဝရည်မှန်းချက်တွေ ဝေဝါးပျောက်ဆုံးရတဲ့ ဆိုးကျိုးကို ကလေးတွေခမျာ လက်တွေ့ရင်ဆိုင်နေကြရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အဲဒီကလေးငယ်တွေဟာ မိမိတို့ဘဝအတွက် “ပညာသည်သာ အခရာ” ဖြစ်တယ်ဆိုတာကို လက်တွေ့သိမြင်လာကြပြီး၊ ကျောင်းပြန်တက်ဖို့ စိတ်ဆန္ဒတွေ တားမရအောင် ပြင်းပြနေကြပြီ ဖြစ်ပါတယ်။ ကလေးတွေဟာ မိသားစုနဲ့ နိုင်ငံတော်အတွက် အားကိုးရမယ့် အဖိုးတန်ရတနာ တွေမို့ သူတို့ရဲ့ အနာဂတ်တွေကို ကျွန်တော်တို့ လက်လွှတ်မခံနိုင်ပါဘူး။
အစိုးရက ကျောင်းအပ်နှံရာမှာ ဘာတွေ ထောက်ပံ့ပေးမှာလဲ
ကျွန်တော်တို့နိုင်ငံမှာ အခြေခံပညာမူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းတို့၌ နှစ်စဉ် ကျောင်းအပ်နှံသူဦးရေ ပျမ်းမျှအားဖြင့် ၆ သန်းကျော်ရှိပါတယ်။ အစိုးရ အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ကျောင်းအပ်နှံသူစုစုပေါင်း ဟာ ၂၀၂၄ ခုနှစ်မှာ ၆၃၉၄၅၂၈ ဦး၊ ၂၀၂၅ ခုနှစ်မှာဆိုရင် ၆၁၁၉၂၆၀ ဦး ရှိပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသက် (၆) နှစ်မှ (၁၇) နှစ်ကြား ကလေးတွေရဲ့ ၂၁ ရာခိုင်နှုန်းကနေ ၂၈ ရာခိုင်နှုန်းခန့်ဟာ ကျောင်းပြင်ပကို ရောက်ရှိနေကြပြီး အထက်တန်းအဆင့်အရွယ်မှာဆိုရင် ကျောင်းထွက်နှုန်းက ၄၅ ရာခိုင်နှုန်းခန့်အထိ ရှိလာခဲ့ ပါတယ်။
ဒါ့ကြောင့် ပညာရေးကို အလေးထားတဲ့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် အနေနဲ့ KG+9 အထိ မသင်မနေရပညာရေးစနစ်အဖြစ် ပြောင်းလဲခဲ့တာတွေ၊ ကျောင်းနေအရွယ် ကလေး အားလုံး ကျောင်းသို့ရောက်ရှိရေး၊ ကျောင်းနေမြဲရေးတွေကိုလည်း အစဉ်တစိုက် ကြိုးပမ်းလျက် ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ ပညာရေးကဏ္ဍတိုးတက်လာစေရေးအတွက် နိုင်ငံတော်ဘဏ္ဍာ ငွေများကို ပညာရေးကဏ္ဍမှာ ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံဆောင်ရွက်မှာဖြစ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတော်ဘဏ္ဍာငွေမှ ၆.၉၂ % အသုံးပြုမယ့်အပြင် အခြားဝန်ကြီးဌာနများရှိ ပညာရေးကဏ္ဍများ အပါအဝင် ၉.၂၂ % အထိ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ လာမယ့် ဘဏ္ဍာရေး နှစ်မှာဆိုရင်လည်း ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမှာဖြစ်ပြီး လာမယ့်တစ်နှစ်ကျော်မှာ နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၁၅ ရာခိုင်နှုန်း အထိ တိုးမြှင့်အသုံးပြုသွားမှာဖြစ်တဲ့အပြင် ၅ နှစ်တာ ကာလအတွင်း ၂၀ ရာခိုင်နှုန်း အထိ အဆင့်ဆင့် တိုးမြှင့်သွားဖို့ကိုလည်း ရည်မှန်းထားတာကို တွေ့ရပါတယ်။ အခု ၂၀၂၆ ခုနှစ် ကျောင်းအပ်နှံရာမှာလည်း KG+9 အထိ မသင်မနေရ ပညာရေးစနစ်ကို ဖောင်ဆောင်ပြီး နိုင်ငံသားတိုင်း စာတတ်မြောက်စေဖို့အတွက် ကျောင်းဝင်ကြေးနဲ့ အခြားမည်သည့်ကြေးမျှ ပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူတွေအတွက် သင်ရိုးပုံနှိပ်စာအုပ် (၁) စုံ၊ ဗလာစာအုပ် (၁) ဒါဇင်၊ ခဲတံ (၄) ချောင်းနဲ့ ကျောင်းဝတ်စုံ၊ အလယ်တန်းနဲ့ အထက်တန်း အဆင့်မှာဆိုရင် သင်ရိုးပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် (၁) ဒါဇင်၊ ခဲတံ (၂) ချောင်းနဲ့ ဘောပင်(၂)ချောင်း စတာတွေကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ် သွားမှာပဲ ဖြစ်ပါတယ်။
မျှော်လင့်ချက်အလင်းရောင် သယ်ဆောင်လာတဲ့ အထူးအစီအစဉ် (သို့မဟုတ်) Placement Test
ပညာပြန်သင်ချင်ပေမယ့် အတန်းပြတ်သွားလို့ အခက်အခဲဖြစ်နေတဲ့ ကလေးငယ်တွေ အတွက် အခြေခံပညာဦးစီးဌာနက အဆင်ပြေအောင် လမ်းဖွင့်ပေးလိုက်ပါပြီ။ ကျောင်းပြင်ပ ရောက်နေတဲ့ မူလတန်းဆင့်နဲ့ အလယ်တန်းဆင့် ကလေးငယ်တွေ ကျောင်းပြန်တက်နိုင်ဖို့အတွက် မိမိတို့ရဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ အတန်းကို သတ်မှတ်ပေးမယ့် Placement Test (အထူးအစီအစဉ်) ကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
အခြေအနေအမျိုးမျိုးကြောင့် အချို့သော ကျောင်းနေအရွယ်ကလေးတွေဟာ ကျောင်းပရိဝုဏ်နှင့် ဝေးကွာခဲ့ရပြီးဖြစ်လို့ (ငါးနှစ်နီးပါး) သူတို့နောက်ဆုံး တက်ရောက် အောင်မြင်ခဲ့တဲ့ အတန်းအရ ကျောင်းသို့ပြန်တက်မယ်ဆိုရင် လက်ရှိတက်ရောက်နေတဲ့ ကျောင်းသားတွေနဲ့ အသက်အရွယ် ကွာဟမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ မတူညီမှုတွေကြောင့် ရှက်ရွံ့ သိမ်ငယ်မှုတွေကိုခံစားရပြီး နေ့စဉ်ကျောင်းတက်ရောက်မှုမှာ အခက်အခဲတွေ ရှိလာနိုင်တာကို ထောက်ရှုတဲ့အပြင် နိုင်ငံသားတိုင်းစာတတ်မြောက်ရေးကို ရှေ့ရှုပြီးတော့ အခု အစီအစဉ်ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
အခုဆောင်ရွက်မယ့်အစီအစဉ်ဟာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကနေစပြီး အကြောင်းအမျိုးမျိုး ကြောင့် အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းတွေနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွေမှ ကျောင်းပြင်ပကိုရောက်ရှိနေတဲ့ ကျောင်းသား/ကျောင်းသူတွေ အတွက် ဖြစ်ပါတယ်။ အခြေခံပညာ မူလတန်း (Grade 2 မှ Grade 5)နဲ့ အလယ်တန်းဆင့် (Grade 6 မှ Grade 9)ကျောင်းနေ အရွယ်ကလေးတွေ (အသက် ၁၅ နှစ်ထက်မကျော်လွန်တဲ့ ကလေးများအားလုံး) ဟာ အသက်အရွယ်အရ သတ်မှတ်ထားတဲ့ အတန်းတွေကို ဝင်ရောက် ပညာသင်ယူနိုင်ဖို့အတွက် အထူးအစီအစဉ်အနေနဲ့ Placement Test ကို ၁၅-၆-၂၀၂၆ ရက်နေ့မှ ၂၀-၆-၂၀၂၆ ရက်နေ့အထိ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဒီစာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့် ကျောင်းပြင်ပရောက် ကလေးတွေဟာ အသက်အရွယ်အရ တက်ရောက်ရမယ့်အတန်းရဲ့ တစ်ဆင့်နိမ့်အတန်းကို ဝင်ရောက်ဖြေဆိုရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိသဘောဆန္ဒအရ အတန်းအဆင့်နိမ့်ပြီး တက်ရောက်လိုပါကလည်း ထိုအတန်း၏ တစ်ဆင့်နိမ့်အတန်းကို ဝင်ရောက်ဖြေဆိုနိုင်ပါတယ် (ဉပမာ-အသက်အရွယ်အရ Grade 9 တက်ရောက်ရမယ့် ကျောင်းသားဟာ ကိုယ့်ဆန္ဒအရ Grade 7 တက်ချင်ရင် Grade 6 ကို ဖြေဆိုရမှာပဲ ဖြစ်ပါတယ်)။ Placement Test (အထူးအစီအစဉ်) ဝင်ရောက်ဖြေဆိုပြီး အတန်း တက်ရောက်ခွင့်ရရှိသူများစာရင်းကို ၁-၇-၂၀၂၆ ရက်နေ့မှာ တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာသွားမှာပါ။ အတန်းတက်ရောက်ခွင့်ရရှိသူတွေက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကနေစပြီး ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ အခြေခံပညာကျောင်းတွေမှာပဲ တက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။
ပညာတတ်များ ပေါများရာ အနာဂတ်ဆီသို့
နိုင်ငံတစ်နိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအကျဆုံး အုတ်မြစ်ဟာ အသိပညာ၊ အတတ်ပညာနဲ့ ပြည့်စုံတဲ့ လူသားအရင်းအမြစ်တွေ ပေါကြွယ်ဝလာဖို့ ဖြစ်ပါတယ်။ ကျောင်းနေအရွယ် ကလေးငယ်တိုင်းဟာ တရားဝင်ပညာရေးစနစ်ရဲ့ စာသင်ခန်းတွေ ဆီကတစ်ဆင့် စနစ်တကျ ပြုစုပျိုးထောင်ခွင့် ရရှိကြမှသာ ခိုင်မာတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ မှန်ကန်တဲ့ တွေးခေါ်မြော်မြင်မှုတွေ ရရှိလာမှာပါ။ အတိတ်က ကပ်ရောဂါအခြေအနေနဲ့ နိုင်ငံရေး အခြေအနေစတဲ့ အခြေအနေ အမျိုးမျိုးကြောင့် ကလေးငယ်တွေဟာ စာသင်ခန်းနဲ့ ဝေးကွာခဲ့ရပြီး အဲ့ဒီဖြစ်စဉ်တွေမှာ ကလေးများ၌ အပြစ်မရှိပေ။ မသမာတဲ့နိုင်ငံရေးသမားတစ်စုရဲ့ မတရား အသုံးချမှုတွေကြောင့် ကလေးတွေဟာ ယခုလို အခြေအနေမျိုး ရောက်လာခြင်းဖြစ်ပါတယ်။ သမ္မတကြီး ဦးမင်းအောင်လှိုင်အစိုးရအနေနဲ့ ပညာရေးကဏ္ဍကို ပိုမိုကောင်းမွန်စေဖို့ ကျောင်းပြင်ပ ရောက်နေတဲ့ ကလေးတွေအတွက် Placement Test လိုမျိုး အထူးအစီအစဉ်တွေ ဖော်ဆောင် ပေးခြင်းဟာ လူသားအရင်းအမြစ် မပျက်စီးစေဖို့အတွက် အခြေခံကစပြီး ပြန်လည်ပြုပြင်တဲ့ ကောင်းမွန်သော ခြေလှမ်း တစ်ရပ် ဖြစ်ပါတယ်။ ကျောင်းပြင်ပရောက် ကလေးငယ်တွေကို စာသင်ခန်းကို ပြန်လည်ခေါ်ယူခြင်းဟာ လွဲမှားနေသော လမ်းစဉ်များအောက်သို့ ထပ်မံမရောက် ရှိစေရန် တားဆီးပေးသည့် ရေရှည်စီမံကိန်းတစ်ရပ်လည်း ဖြစ်ပါတယ်။
ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် လေ့လာသင်ယူလိုစိတ်တွေ ရှင်သန်ကိန်းအောင်း နေမယ့် “ပညာတတ်များ ပေါများရာ အနာဂတ်” ဆီသို့ လှမ်းနိုင်ဖို့ဆိုတာ နိုင်ငံတော်အစိုးရရဲ့ လမ်းဖွင့်ပေးမှု မူဝါဒတွေအပြင် မိဘပြည်သူများနဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ အလေးထား ပံ့ပိုးကူညီမှုတွေပါ လိုအပ်လှပါတယ်။ အခုလို ကျောင်းတက်ရောက်ဖို့ အချိန်မနှောင်းသေးတဲ့ အခွင့်ကောင်း၊ အခါကောင်းကို မိဘအုပ်ထိန်းသူတွေနဲ့ ကလေးငယ်တွေကိုယ်တိုင်က လက်မလွှတ်တမ်း အမိအရ ဆုပ်ကိုင်ပြီး ပညာရေးလမ်းကြောင်းပေါ်ကို ပြန်လည်ဝင်ရောက်ကြဖို့ တိုက်တွန်းလိုပါတယ်။ အားလုံးအကျုံးဝင်တဲ့ ပညာရေးအခွင့်အလမ်းတွေကတစ်ဆင့် တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်များစွာ ပေါ်ထွန်းလာပြီး၊ အသိဉာဏ်အလင်းရောင်ဖြင့် ခေတ်မီဆန်းသစ်ကာ ပိုမိုတောက်ပတဲ့ အနာဂတ်နိုင်ငံတော်ကြီးကို ဝိုင်းဝန်းပုံဖော် ထူထောင်သွားကြဖို့ တိုက်တွန်း ရေးသားလိုက်ပါတယ်။
မျိုးသူရိန်
#MNP #News






No comments:
Post a Comment