ဥရောပကော်မရှင်ဥက္ကဋ္ဌ တစ်ယောက် စုံစမ်းစစ်ဆေးမှု လုပ်ခံရပြန်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥရောပကော်မရှင်ဥက္ကဋ္ဌ တစ်ယောက် စုံစမ်းစစ်ဆေးမှု လုပ်ခံရပြန်ပြီ


ဇွန် - ၂၅ ( ကြာသပတေးနေ့ ) 

ဒတ်ချ်သတင်းဌာနတစ်ခုဖြစ်တဲ့ (FTM) ရဲ့ ဖော်ပြချက်အရ ယူကရိန်းသမ္မတ ဗလာဒီမီယာ ဇီလန်းစကီးနဲ့ တခြားဥရောပခေါင်းဆောင်တွေ ပါဝင်တဲ့ လျှို့ဝှက်စကားဝိုင်း တစ်ခုနဲ့ ပတ်သက်ပြီး ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန် ကို အီးယူစောင့်ကြည့်ရေးအဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

ဂျာမန်ဝန်ကြီးချုပ် ဖရီဒရစ် မားဇ်၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ နဲ့ ရာထူးကနေ နုတ်ထွက်တော့မယ့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာတို့ ပါဝင်တယ်လို့ ဆိုကြတဲ့ အဲဒီသီးသန့် စကားဝိုင်း ထဲက မက်ဆေ့ခ်ျတွေကို ထုတ်ပြန်ပေးဖို့ ဥရောပကော်မရှင်က ငြင်းဆန်ခဲ့တဲ့နောက် FTM က တိုင်ကြားခဲ့လို့ အခုလို စုံစမ်းစစ်ဆေးမှု ဖြစ်လာတာပါ။ ဒီမက်ဆေ့ခ်ျတွေကို အများပြည်သူသိအောင် ထုတ်ပြလိုက်ရင် တတိယနိုင်ငံတွေနဲ့ အီးယူ ကြားက ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့ ကော်မရှင်ဘက်က ဆင်ခြေပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က ကော်မရှင်ဆီ ပေးပို့ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ သတင်းဌာနက ဖော်ပြခဲ့တဲ့ ပေးစာထဲမှာတော့ ဥရောပ စောင့်ကြည့်ရေးအရာရှိ တီရီဆာအန်ဂျင်ဟို က အခုလို ဆက်သွယ်ပြောဆိုချက်တွေကို ကြည့်ရှုခွင့်ပေးဖို့ ငြင်းဆန်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ခု စတင်လိုက်ပြီလို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီငြင်းဆိုမှုဟာ အီးယူ ရဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွတ်မှု ရှိ၊ မရှိ ဆိုတာကို အဓိက စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ အန်ဂျင်ဟိုက ပြောပါတယ်။ ဒါ့အပြင် ဇူလိုင်လလယ်ပိုင်းမှာ ကော်မရှင်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတယ်လို့လည်း FTM သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီ အွန်လိုင်း အုပ်စုဖွဲ့စကားဝိုင်းကို ‘ဝါရှင်တန်အုပ်စု’ လို့ အမည်ပေးထားကြပြီး၊ အဲဒီအကြောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက Politico သတင်းဌာနက ပထမဆုံး စတင်ဖော်ပြခဲ့တာပါ။ ဖြစ်စဉ်ကို သိရှိနားလည်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး Politico က ရေးသားခဲ့ရာမှာတော့— အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဘက်က “ရူးသွပ်ပြီး ထိခိုက်ပျက်စီးစေနိုင်မဲ့ တစ်ခုခု” ကို လုပ်လိုက်တိုင်း ဒီအုပ်စုထဲက ခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့ တစ်နှစ်ပတ်လုံး မက်ဆေ့ခ်ျတွေ အပြန်အလှန် ပို့ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီ စကားဝိုင်းကို မူလကတည်းက ယူကရိန်းပဋိပက္ခကို တုံ့ပြန်ဖို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခု စုံစမ်းစစ်ဆေးမှုဟာ ဗွန်ဒါလေယန်နဲ့ ကော်မရှင်တို့ရဲ့ ရုံးသုံးမှတ်တမ်းတွဲတွေ ကိုင်တွယ်ထိန်းသိမ်းပုံနဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့ အငြင်းပွားဖွယ်ရာ အရှုပ်တော်ပုံတွေထဲက နောက်ဆုံးတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးစာချုပ်တွေ ချုပ်ဆိုဖို့ ဆွေးနွေးနေစဉ်အတွင်း ဗွန်ဒါလေယန်နဲ့  ပီဖိုင်ဇာ ကုမ္ပဏီရဲ့ အမှူဆောင်အရာရှိ အယ်လ်ဘတ် ဘိုလာ တို့ အပြန်အလှန် ပို့ခဲ့ကြတဲ့ မက်ဆေ့ခ်ျတွေကို ကြည့်ရှုခွင့်ရဖို့ New York Times သတင်းစာက တောင်းဆိုခဲ့တာကို ကော်မရှင်ဘက်က မှားယွင်းကိုင်တွယ်ခဲ့ တာပါလို့  အီးယူ ရဲ့ အထွေထွေတရားရုံးက ဆုံးဖြတ်ခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကော်မရှင်ဘက်က သူတို့ရဲ့ မှတ်တမ်းထိန်းသိမ်းမှု လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်သုံးသပ်ပြင်ဆင်ပါ့မယ်လို့ ကတိပြုခဲ့ရပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)