နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ရဲ့ CCTV သတင်းဌာနနဲ့ အင်တာဗျူး မှာ "ကျွန်တော်တို့ ဂြိုဟ်တုအငယ်တစ်လုံးလွှတ်ဖို့ရှိတယ်၊ တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီးဆောင်ရွက်မယ့် ဂြိုဟ်တုစီမံကိန်းတစ်ခုဖြစ်ပါတယ်" လို့ ပြောဆိုသွားတဲ့ သတင်းက ပြည်တွင်း၊ ပြည်ပသတင်းဌာနတွေမှာ ပလူပျံလို့ နေပါတယ်။ ဒါဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေမယ့် စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲကနေ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်များက ဦးမင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်တဲ့အချိန်မှာ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့ပါတယ်။ ၁၁ ဦးမြောက် သမ္မတ ဖြစ်လာသည်နှင့်အညီ ၁၁မီး ငြိမ်းအောင် လုပ်ရမယ့် သမ္မတအဖြစ်လည်း ပြောစမတ် ပြုခဲ့ကြပါတယ်။
နိုင်ငံတော်သမ္မတကြီး အပါအဝင် နိုင်ငံအကြီးအကဲများရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်နေပါတယ်။ သို့သော် ပြည်သူနဲ့ အဓိကထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံဝန်ထမ်းများထဲမှာကြတော့ နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်ချက်ကို အလေးထားပြီး ပြည်သူ့အကျိုးရှေ့ရှုဆောင်ရွက်နေကြသူတွေ ရှိသလို၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး ပြည်သူများ အတိဒုက္ခရောက်အောင် လုပ်နေကြတာတွေလည်း ရှိပါတယ်။ ယနေ့အချိန်မှာတော့ လွှတ်တော်ပေါ်ပေါက်လာပြီဖြစ်လို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကလည်း နိုင်ငံဝန်ထမ်းတချို့ရဲ့ မလျော်ကန်တဲ့ လုပ်ရပ်တွေကို ထောက်ပြပြောဆိုလာကြပြီဖြစ်လို့ ဝိုင်းဝန်းပြုပြင် တည့်မတ်နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်ထုတ်နေကြတဲ့ သတင်းတွေမှာဆိုရင် လောင်းကစားဝိုင်းများကိစ္စ၊ အုပ်ချုပ်ရေးမှူး ရွေးတဲ့နေရာမှာ ဆရာမွေး၊ တပည့်မွေး လုပ်နေကြတဲ့ကိစ္စတွေအထိ အသံထွက်လာပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်သည့်တိုင်အောင်လည်း နိုင်ငံဝန်ထမ်းများမှာ ပြည်သူလူထုအကျိုးကို မှန်ကန်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးလိုစိတ်၊ အကျိုးဆောင်လိုစိတ် က နည်းသေးတာကို သတိချပ်ကြရမှာ ဖြစ်ပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဥပဒေမဲ့ လုပ်နေကြတာတွေကို ခွင့်ပြုပေးပြီး အကျိုးအမြတ်ရှာလိုတာကလည်း မရိုးနိုင်တဲ့ ပြဿနာတစ်ခုပါ။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရဲ့ အိန္ဒိယ၊ တရုတ် ခရီးစဉ်နှစ်ခုလုံးကို ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလို့ရတဲ့ ကဏ္ဍတွေမှာ အိန္ဒိယ၊ တရုတ် လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်တာမျိုး၊ နိုင်ငံတော်အဆင့် စီမံကိန်းတွေ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ ဆွေးနွေးခဲ့တာတွေကို မှတ်သားမိပါတယ်။ တရုတ်နိုင်ငံအနေအထားကတော့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားတဲ့ တိုင်းပြည်ဖြစ်သည်နှင့်အညီ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍတွေကလည်း စုံလင်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က CCTV သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားသွားတာက "ကျွန်တော်တို့လည်း အာကာသနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဆောင်ရွက်နေတာရှိတယ်။ မကြာခင်မှာလည်း ကျွန်တော်တို့ ဂြိုဟ်တုအငယ်တစ်လုံးလွှတ်ဖို့ရှိတယ်၊ တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီးဆောင်ရွက်မယ့် ဂြိုဟ်တုစီမံကိန်းတစ်ခုဖြစ်ပါတယ်။ အာကာသနယ်ပယ်၊ အေအိုင်နယ်ပယ်၊ အိုင်တီနဲ့ပတ်သက်တဲ့နယ်ပယ်တွေရှိတယ်။ ဒါတွေနဲ့လည်း တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေရှိတယ်ဆိုတာ ကျွန်တော်တွေ့ပါတယ်" လို့ ပြောကြားသွားခြင်း ဖြစ်ပါတယ်။
ဒါဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ မြန်မာပြည် ဂြိုလ်တုသုံးစွဲနေမှုအခြေနေကို လေ့လာကြည့်ရင် ကိုယ်ပိုင်ဂြိုဟ်တု မရှိသေးပါဘူး။ အချက်အလက်များအရ -
မြန်မာနိုင်ငံဟာ ဆက်သွယ်ရေးနဲ့ ရုပ်သံလွှင့်လုပ်ငန်းတွေအတွက် ရေရှည်တည်တံ့အောင် MyanmarSat စီမံကိန်းတွေကို အကောင်အထည်ဖော်ခဲ့တယ်လို့ သိရပါတယ်။ MyanmarSat-1 ဂြိုဟ်တုက အစောပိုင်းကာလတွေမှာ တခြားနိုင်ငံတကာ ဂြိုဟ်တုအော်ပရေတာတွေဆီကနေ Transponder (လိုင်းကြိမ်နှုန်း) တွေကို ငှားရမ်းပြီး အစိုးရဌာနတွေ၊ ရုပ်သံလိုင်းတွေနဲ့ ဆက်သွယ်ရေးအော်ပရေတာတွေက သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။
MyanmarSat-2 ဂြိုဟ်တုကတော့ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ Intelsat-39 ဂြိုဟ်တုကို လွှင့်တင်ချိန်မှာ မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ရင်းနှီးမြှုပ်နှံပြီး ကိုယ်ပိုင်ပိုင်ဆိုင်ခွင့် (Indefeasible Right of Use - IRU) စနစ်နဲ့ ပူးတွဲပိုင်ဆိုင်ခွင့် ရယူခဲ့ပါတယ်။ ဒီဂြိုဟ်တုကနေ C-Band နဲ့ Ku-Band လှိုင်းနှုန်းတွေကို ရရှိပြီး ပြည်တွင်း ဆက်သွယ်ရေးကွန်ရက်တွေ ပိုမိုကျယ်ပြန့်လာစေဖို့နဲ့ ရုပ်သံလွှင့်လုပ်ငန်း (Broadcasting) တွေအတွက် အဓိက အသုံးပြုနေပါတယ်။
မြေပြင်ဆန်းစစ်ရေး အသေးစားဂြိုဟ်တု (MMSAT-1) ကို နည်းပညာဖွံ့ဖြိုးမှုနဲ့ သုတေသနကဏ္ဍအတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး အသေးစား အာကာသစမ်းသပ်ချက်တစ်ခု ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသသေနည်းပညာတက္ကသိုလ် (MAEU) နှင့် ဂျပန်နိုင်ငံ Hokkaido University တို့ ပူးပေါင်းပြီး MMSAT-1 (Myanmar Micro-Satellite-1) ကို ၂၀၂၁ ခုနှစ်ဆန်းပိုင်းမှာ နိုင်ငံတကာအာကာသစခန်း (ISS) ကနေတစ်ဆင့် ပတ်လမ်းထဲ လွှင့်တင်ဖို့ စီစဉ်ခဲ့ပေမယ့် ဆက်လက်ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ မသိရပါဘူး။
မြန်မာနိုင်ငံတွင်းရှိ ရုပ်သံလိုင်းများ (ဥပမာ - MRTV, MWD နှင့် အခြား ပုဂ္ဂလိက Pay TV များ) သည် ပြည်သူများထံ ရုပ်သံဖမ်းယူနိုင်မှု သိပ်သည်းဆကောင်းမွန်စေရန် MyanmarSat-2 အပါအဝင် အာရှဒေသတွင်း အခြေစိုက်သည့် အခြား ဂြိုဟ်တုလိုင်းများကို အဓိကအားဖြင့် အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသည် ကိုယ်ပိုင်ဂြိုဟ်တု သီးသန့်လွှင့်တင်ထားနိုင်ခြင်း မရှိသေးသော်လည်း MyanmarSat-2 ကဲ့သို့ ကမ္ဘာ့အဆင့်မီ ဂြိုဟ်တုများတွင် ရှယ်ယာပိုင်ဆိုင်မှုစနစ်ဖြင့် ဝေစုယူကာ နည်းပညာနှင့် ဆက်သွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းနေရဆဲဖြစ်ကြောင်း၊ တပြိုင်နက်တည်းမှာပင် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုစောင့်ကြည့်ရန်အတွက် နိုင်ငံတကာ မိုးလေဝသဂြိုဟ်တုများမှ အချက်အလက်များကို အခမဲ့ သို့မဟုတ် ဝယ်ယူသုံးစွဲခြင်းဖြင့် ပေါင်းစပ်လည်ပတ်နေရတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ယခုအခါ နိုင်ငံတော်သမ္မ ဦးမင်းအောင်လှိုင် က တရုတ်နဲ့ ပူးပေါင်းပြီး ဂြိုဟ်တုငယ်တစ်လုံး လွှင့်တင်မယ့် စီမံကိန်း ရှိတယ်လို့ ဆိုလာတဲ့အခါ မြန်မာနိုင်ငံအတွက် သီးသန့်ဂြိုဟ်တု ရရှိလာမယ့် အခြေအနေလို့ မျှော်လင့်ရပါတယ်။
နိုင်ငံတစ်နိုင်ငံအနေနဲ့ ကိုယ်ပိုင်ဂြိုဟ်တု (Satellite) တစ်စင်းကို ပတ်လမ်းထဲ အောင်မြင်စွာ လွှင့်တင်နိုင်ခြင်းဟာ အချုပ်အခြာအာဏာ၊ နည်းပညာနဲ့ စီးပွားရေးအရ အလွန်ကြီးမားတဲ့ ပြောင်းလဲမှုတွေကို သယ်ဆောင်လာနိုင်ပါတယ်။ ကိုယ်ပိုင်ဂြိုဟ်တုရှိခြင်းကနေ ရရှိမယ့် အဓိကကဏ္ဍတွေနဲ့ ကောင်းကျိုးတွေကိုလည်း အခုလို တွေ့ရပါတယ်။
ဆက်သွယ်ရေးနှင့် မီဒီယာကဏ္ဍ (Communication & Media) ကို အထိရောက်ဆုံးနဲ့ မြင်သာဆုံး အကျိုးကျေးဇူး ဖြစ်စေပါတယ်။ ကျေးလက်နှင့် ဝေးလံခေါင်ဖျားဒေသများ ဆက်သွယ်ရေး: ဖိုင်ဘာကေဘယ်လ်နဲ့ ဖုန်းတာဝါတိုင်တွေ ဆောက်ဖို့ခက်ခဲတဲ့ တောင်ပေါ်နဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေကိုပါ မြန်နှုန်းမြင့်အင်တာနက်နဲ့ ဆက်သွယ်ရေးကွန်ရက် ဖြန့်ကြက်ပေးနိုင်ပါတယ်။ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက ရုပ်သံလိုင်းတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်အောင် လွှင့်တင်ပေးနိုင်ပြီး၊ တခြားနိုင်ငံက ဂြိုဟ်တုလိုင်းချန်နယ်တွေကို ငှားရမ်းခပေးရတဲ့ စရိတ်စကတွေကို အမြောက်အမြား သက်သာစေပါတယ်။
နောက်တစ်ချက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် စောင့်ကြည့်ရေး (Disaster Management) - ရာသီဥတုပြောင်းလဲမှု မြန်ဆန်နေတဲ့ ယနေ့ခေတ်မှာ အလွန်အရေးကြီးတဲ့ ကဏ္ဍဖြစ်ပါတယ်။ မုန်တိုင်းဖြစ်ပေါ်လာနိုင်ခြေ၊ မိုးလေဝသအခြေအနေတွေကို အချိန်နဲ့တပြေးညီ ကြိုတင်သိရှိနိုင်လို့ ပြည်သူတွေကို အချိန်မီ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ပါတယ်။ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းတို့ကြောင့် မြေပြင်ဆက်သွယ်ရေးတာဝါတိုင်များ ပျက်စီးသွားချိန်မှာ ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို သုံးပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ပါတယ်။
စိုက်ပျိုးရေးနှင့် သယံဇာတ စီမံခန့်ခွဲမှု (Agriculture & Resource Management) - မြေပြင်ကနေ မမြင်နိုင်တဲ့ ပုံရိပ်ကျယ်တွေကို အာကာသကနေ ကောင်းကင်ဓာတ်ပုံ (Satellite Imagery) ရယူပြီး တွက်ချက်နိုင်ပါတယ်။ သီးနှံတွေရဲ့ ဖြစ်ထွန်းမှု၊ ဖျက်ပိုးကျရောက်မှုနဲ့ မြေဆီလွှာစိုစွတ်မှုအခြေအနေတွေကို စောင့်ကြည့်ပြီး စိုက်ပျိုးရေးကဏ္ဍကို အဆင့်မြှင့်တင်နိုင်ပါတယ်။ တရားမဝင် သစ်ခိုးထုတ်မှု၊ သစ်တောပြုန်းတီးမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ထိန်းချုပ်စောင့်ကြည့်နိုင်သလို၊ မြေအောက်သယံဇာတ ရှာဖွေရေးအတွက်လည်း အထောက်အကူပြုပါတယ်။
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး (National Security) - တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ၊ ပင်လယ်ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ပါတယ်။ တခြားနိုင်ငံတွေရဲ့ အကူအညီ သို့မဟုတ် ဝယ်ယူထားတဲ့ အချက်အလက်တွေအပေါ်မှာပဲ မှီခိုနေရခြင်းမရှိဘဲ မိမိနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို စိတ်ချရစွာ ထိန်းသိမ်းနိုင်ပါတယ်။
စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ကောင်းကျိုးများ (Economic & Technological Benefits) - တခြားနိုင်ငံက ဂြိုဟ်တုလှိုင်းအကြိမ်ရေ (Bandwidth) ငှားရမ်းခွင့်အတွက် ပေးချေနေရတဲ့ သန်းနဲ့ချီတဲ့ နိုင်ငံခြားငွေတွေကို သက်သာစေရုံတင်မက၊ မိမိဂြိုဟ်တုရဲ့ ပိုလျှံတဲ့အပိုင်းကို အိမ်နီးနားချင်းနိုင်ငံတွေထံ ပြန်လည်ငှားရမ်းပြီး ဝင်ငွေရှာနိုင်ပါတယ်။ ဂြိုဟ်တုစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ခြင်းကနေ နိုင်ငံတွင်းက အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေနဲ့ နည်းပညာကဏ္ဍကို နိုင်ငံတကာအဆင့်မီ တိုးတက်လာစေပါတယ်။ ကိုယ်ပိုင်ဂြိုဟ်တု လွှင့်တင်နိုင်ခြင်းဟာ ရေတိုမှာ ကုန်ကျစရိတ် မြင့်မားနိုင်ပေမယ့် ရေရှည်မှာတော့ နိုင်ငံရဲ့ "မျက်စိနဲ့ နား" ကို အာကာသထဲမှာ ကိုယ်တိုင်ပိုင်ဆိုင်လိုက်သလို ဖြစ်တာကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာ ဖြစ်ပါတယ်။
ဒါက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်တွေကို လစ်ဟာမှုမရှိ အမျှော်အမြင်ကြီးစွာနဲ့ လုပ်ဆောင်နေတဲ့ အခြေအနေကို ထင်ဟပ်နေပါတယ်။ နိုင်ငံတော်သမ္မတအနေနဲ့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်တဲ့အခါ ရောက်ပြန် ဆိုတာမျိုးမဟုတ်ဘဲ အချိန်ပေးလို့ ရသလောက် အပင်ပန်းခံ မြေပြင်ကွင်းဆင်းလေ့လာပြီး အိမ်နီးချင်းနိုင်ငံများရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အတုယူပြီး မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်ဆင်ဆောင်ရွက်သင့်တာတွေကို ပြင်ဆင်ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်လျှက်ရှိသလို ကဏ္ဍအသီးသီးမှာ တာဝန်ယူဆောင်ရွက်နေကြသူများကလည်း နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်ချက်နဲ့အညီ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားမည်ဆိုလျှင်ဖြင့် "ရွှေပြည်တော် သို့ မဝေးတော့ပါ" ဆိုရမှာ ဖြစ်ပါတယ်။
ပြည်သူအားလုံးရဲ့ အကျိုးကို ရှေးရှုပြီး နိုင်ငံအကြီးအကဲက ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ပြည်သူအားလုံးကလည်း အဖျက်အမှောင့်လုပ်ငန်းတွေကို စွန့်လွှတ်ပြီး မိမိတို့ စွမ်းနိုင်တဲ့နေရာကနေ တိုင်းပြည်ဖွံ့ဖြိုးရေးကို ပါဝင်ဆောင်ရွက်ကြခြင်းအားဖြင့် နိုင်ငံသားတာဝန်ကို ကျေပွန်ကြစေချင်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment