ဇွန် - ၂၆ ( သောကြာနေ့ )
မနေ့က ရေနံဈေးနှုန်းတွေဟာ အီရန်စစ်ပွဲမဖြစ်ခင်က အခြေအနေနီးပါးအထိ ပြန်ကျသွားပါတယ်။ ဒါဟာ အမေရိကန်က နိုင်ငံတကာစျေးကွက်မှာ အီရန်ရေနံတွေကို ရက်ပေါင်း ၆၀ တရားဝင်ရောင်းချခွင့်ပြုလိုက်ပြီး သုံးရက်အကြာမှာ အခုလိုဖြစ်လာတာပါ။ အမေရိကန် ညှိနှိုင်းရေးမှူးတွေနဲ့ ဒေသတွင်း ကြားဝင်စေ့စပ်ပေးသူတွေကလည်း စစ်ပွဲအဆုံးသတ်ဖို့ နောက်ဆုံးသဘောတူညီချက်ရအောင် ဆွေးနွေးတဲ့နေရာမှာ တိုးတက်မှုအလားအလာကောင်းတွေ ရှိနေတယ်လို့ ပြောပါတယ်။
ကမ္ဘာ့ရေနံစျေးနှုန်း သတ်မှတ်ချက်ဖြစ်တဲ့ ဘရန့်ရေနံစိမ်းစျေးဟာ ဒီတစ်ပတ် အစကတည်းကဆိုရင် တစ်စည်ကို ၈ ဒေါ်လာကျော်အထိ ကျဆင်းသွားပြီး လန်ဒန်မနက်ပိုင်းစျေးကွက်မှာ ဩဂုတ်လအတွက် ကြိုတင်စာချုပ်စျေးက တစ်စည်ကို ၇၂.၂၆ ဒေါ်လာအထိ ရှိနေပါတယ်။ ဇူလိုင်လအတွက် အမေရိကန်ရေနံစိမ်းစျေးကတော့ တနင်္လာနေ့ကထက် ၇.၃၈ ဒေါ်လာကျသွားပြီး တစ်စည်ကို ၆၈.၁၉ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။
ဒီစျေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက် (အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို လေကြောင်းကနေ စပြီးမတိုက်ခိုက်ခင် တစ်ရက်အလို) က စျေးနှုန်းတွေဖြစ်တဲ့ ၇၀.၈၈ ဒေါ်လာနဲ့ ၆၅.၇၀ ဒေါ်လာဝန်းကျင်ကို ပြန်ရောက်သွားတာပါ။ အဲဒီတုန်းက တိုက်ခိုက်မှုကြောင့် အီရန်ဘက်က ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးရဲ့ ၂၅ ရာခိုင်နှုန်းလောက် ဖြတ်သန်းသွားလာနေတဲ့ ဟော်မုဇ်ရေလက်ကြား ကို ပိတ်ပစ်ခဲ့လို့ ဈေးတွေ တက်သွားတာပါ။
ပြီးခဲ့တဲ့အပတ်က အမေရိကန်နဲ့ အီရန်တို့ ရက်ပေါင်း ၆၀ သက်တမ်းရှိတဲ့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ပြီး၊ ပိတ်ရက်ဆွေးနွေးပွဲတွေမှာလည်း မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ အထင်အမြင်လွဲမှားမှုတွေ မဖြစ်အောင် ပင်လယ်ရေကြောင်း "ဟော့လိုင်း" ( အရေးပေါ်ဆက်သွယ်ရေး) တစ်ခု ထူထောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ သင်္ဘောအစီးရေဟာ သိသိသာသာကို ပြန်တိုးလာခဲ့တာပါ။
ဘရပ်ဆဲလ်အခြေစိုက် ရေကြောင်းအချက်အလက် စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ကေပလာ က MoU လက်မှတ်ရေးထိုးပြီး နောက်တစ်ရက်ဖြစ်တဲ့ ဇွန်လ ၁၈ ရက်နေ့ကစလို့ ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့အရည် (LNG) နဲ့ မြေသြဇာ အပါအဝင် ကုန်ပစ္စည်းမျိုးစုံ တင်ဆောင်လာတဲ့ သင်္ဘောအစီးရေ ၁၇၀ ကျော်ဟာ အဲဒီရေလက်ကြားကနေ ဘေးကင်းကင်းနဲ့ ဖြတ်သန်းသွားနိုင်ခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
REF: UPI
#MNP #News


No comments:
Post a Comment