ဇွန် - ၁၇ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ပြဿနာများနှင့် ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် အီရန်အသင်း၏ ကမ္ဘာ့ဖလားခရီးစဉ်တစ်လျှောက် ဆက်တိုက်အနှောင့်အယှက်ဖြစ်ရပြီးနောက်၊ အီရန်ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များက ၎င်းတို့အား မမျှတသော အခြေအနေများအောက်တွင် ယှဉ်ပြိုင်ရန် ဖိအားပေးနေတယ်လို့ ကမ္ဘာ့ဖလား ပွဲစီစဉ်သူများကို စွပ်စွဲပြစ်တင်လိုက်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပ နေခြင်းဖြစ်ပြီး ပွဲစဉ်အများစုကို အမေရိကန်နိုင်ငံတွင် ကျင်းပခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်အသင်းက ဗီဇာနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် အရီဇိုးနားတွင် လေ့ကျင့်ရေးစခန်းဖွင့်မဲ့ အစီအစဉ်များကို ဖျက်သိမ်းခဲ့ရပြီးနောက် မက္ကဆီကိုနိုင်ငံ၊ တီဟွာနာမြို့ တွင်သာ အခြေစိုက်စခန်း ဖွင့်လှစ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က လော့စ်အိန်ဂျလိစ်မြို့၌ ကစားခဲ့တဲ့ နယူးဇီလန်အသင်းနဲ့ ပွဲစဉ်တွင် အီရန်အသင်းက ၂ ဂိုးစီ သရေကျခဲ့ပေမဲ့ ခရီးသွားလာမှု၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကြန့်ကြာမှုများနဲ့ နားနေအနားယူချိန် တို့နဲ့ပတ်သက်ပြီး မကျေနပ်မှုများကြောင့် အဆိုပါရလဒ်မှာ မှေးမှိန်သွားခဲ့ရပါတယ်။ တောင်ပံကစားသမား မာဒီ တိုရာဘီ ရဲ့ အမေရိကန်ဗီဇာကလည်း ယခုပြိုင်ပွဲအတွက် တစ်ကြိမ်သာ ပြည်ဝင်ခွင့်ရှိတဲ့ စာရွက်စာတမ်း အဖြစ်သာ ထုတ်ပေးထားခြင်းကြောင့် ပွဲအပြီးတွင် ဗီဇာသက်တမ်း ကုန်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အီရန်အသင်းခေါင်းဆောင် မာဒီ တာရေမီ က ၎င်းတို့အသင်းအနေဖြင့် ပွဲမစတင်မီ နှစ်ရက်အလိုကတည်းက လော့စ်အိန်ဂျလိစ်မြို့သို့ ရောက်ရှိလိုပြီး၊ ပွဲအပြီးတွင်လည်း ပင်ပန်းနွမ်းနယ်မှုများ ပြန်လည်သက်သာစေရန် တစ်ညတာ ဆက်လက်တည်းခို နားနေချင်ခဲ့ပေမဲ့ ထိုသို့လုပ်ဆောင်ရန် ခွင့်မပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းတို့အဖွဲ့က တီဟွာနာမြို့မှ ၅ နာရီကြာ ခရီးနှင်ခဲ့ရပြီး၊ ကြာမြင့်လှသော လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုများကို ခံယူခဲ့ရကာ၊ ပင်ပန်းနွမ်းနယ်နေစဉ်မှာပင် လေ့ကျင့်မှုများပြုလုပ်၍ ပွဲကစားခဲ့ရပြီးနောက် ပွဲအပြီးတွင်လည်း ချက်ချင်း ပြန်လည်ထွက်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ “တကယ်တော့ ကျနော်တို့အတွက် အရာအားလုံးက ကပ်ဘေးတစ်ခုလိုပါပဲ” ဟု တာရေမီက ပြောကြားခဲ့သည်။
အသင်းနည်းပြ အာမီယာ ဂါလီနွိုင်း ကလည်း အီရန်အသင်းသည် ယခုပြိုင်ပွဲတွင် “ဖိနှိပ်မှုအခံရဆုံး” အသင်းဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အီရန်အသင်း ပရိသတ်ကို အမေရိကန်က ပြည်ဝင်ခွင့် မပေးခဲ့သလို အီရန်အသင်း၏ ပံ့ပိုးကူညီရေးအဖွဲ့ဝင်များနှင့် မီဒီယာကိုယ်စားလှယ် အတော်များများကိုလည်း အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment