သံတမန်တစ်ဦး အတွက် အရေးအကြီးဆုံးမှာ နိုင်ငံတော်အပေါ် သစ္စာရှိခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ် ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတမန်တစ်ဦး အတွက် အရေးအကြီးဆုံးမှာ နိုင်ငံတော်အပေါ် သစ္စာရှိခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ် ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား မှာကြား


နေပြည်တော်၊ ဇွန် ၂၆

ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ် ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ပြည်ထောင်စု ဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ၂၅-၆-၂၀၂၆ ရက်၊ ကြာသပတေးနေ့၊ ၁၁:၃၀ နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စတုရင်္ဂဗလခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ဒုတိယဝန်ကြီးများဖြစ်သော ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက လမ်းညွှန်အမှာစကားပြောကြားရာ၌ ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ပထမအနေဖြင့် သံတမန်တစ်ဦး အတွက် အရေးအကြီးဆုံးမှာ နိုင်ငံတော်အပေါ် သစ္စာရှိခြင်းဖြစ်ကြောင်းကို အလေးအနက်ထား၍ မှာကြားလိုပါကြောင်း၊ နိုင်ငံခြားရေးဝန်ထမ်းတိုင်းသည် နိုင်ငံရေးအမြင်၊ သံခင်းတမန်ခင်းအမြင် ရှိနေကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံရေးအမြော်အမြင်နှင့် အတွေ့အကြုံအားကောင်းသည့် အရည်အချင်း ပြည့်ဝသော သံတမန်ဝန်ထမ်းများရှိခြင်းသည် နိုင်ငံနှင့်ဝန်ကြီးဌာနအတွက် တန်ဖိုးရှိသကဲ့ နိုင်ငံနှင့် ဝန်ကြီးဌာနအတွက် သစ္စာရှိရှိ၊ ရိုးရိုးသားသားနှင့် မိမိလုပ်ငန်းတာဝန်များကို တာဝန်ယူ/ တာဝန်ခံ ဆောင်ရွက်ကြသည့် ဝန်ထမ်းများဖြစ်ရန် အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သံတမန်များ လိုက်နာဆောင်ရွက်ရမည့် အဓိကလုပ်ငန်းတာဝန် (၅)ရပ် ဖြစ်သည့် Representation (နိုင်ငံကိုကိုယ်စားပြုခြင်း)၊ Protection (ကာကွယ်စောင့်ရှောက်ခြင်း)၊ Negotiation (စေ့စပ်ညှိနှိုင်းခြင်း)၊ Reporting (သတင်းအချက်အလက်များစုဆောင်း၍ ပြန်လည် တင်ပြအစီရင်ခံခြင်း)နှင့် Promotion (နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ခြင်း) တို့ကို အလေးအနက်ထား လိုက်နာဆောင်ရွက်ရန်လည်းမှာကြားလိုပါကြောင်း၊ လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဟန်ချက်ညီညီ ဆက်ဆံရေးကို တည်ဆောက်လျက်ရှိကြောင်း၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် အခြားသောမိတ်ဖက်နိုင်ငံများကို ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ ဆက်ဆံရေးကောင်းမွန်စေရန် အကောင်အထည်ဖော်လျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

 တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ ဝန်ထမ်းများအနေဖြင့် တာဝန်ကျရာ နိုင်ငံအသီးသီး တွင် အင်္ဂလိပ်ဘာသာစကားအပြင် မိမိတို့ရောက်ရှိသည့် နိုင်ငံများ၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို တတ်နိုင်သမျှ သေချာစွာ လေ့လာစေလိုကြောင်း၊ ထို့ပြင် မိမိနိုင်ငံ၏ ပကတိ ကြုံတွေ့နေရသော အခြေအနေများ အပါအဝင် ပြောင်းလဲလျက်ရှိသည့် ကမ္ဘာ့ရေးရာနှင့် ဒေသ တွင်းအခြေအနေများ၊ သတင်းများကို မျက်ခြေမပြတ်စောင့်ကြည့်လေ့လာသွားရန်နှင့် ရရှိလာ သည့် သတင်းအချက်အလက်များ၊ ထူးခြားဖြစ်စဉ်များကို မိခင်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အချိန် နှင့်တစ်ပြေးညီ တင်ပြသွားရန် အရေးကြီးသည်ကို အထူးမှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

အရေးကြီးတာဝန်အနေဖြင့် မိမိနိုင်ငံ၏ မူဝါဒ၊ သဘောထား၊ နိုင်ငံတွင် ဖြစ်ပျက်နေသည့် အခြေအနေမှန်များအား သံတမန်အချင်းချင်း ထိတွေ့နေသည့် Counterpart များနှင့် နားလည် သဘောပေါက်အောင် ရှင်းလင်းပြောပြနိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာသံတမန်များသည် ကြိုးစား သော၊ စည်းကမ်းရှိသော၊ အရည်အချင်းနှင့် ပြည့်စုံသော  သံတမန်များအဖြစ် နိုင်ငံတကာက ရှုမြင် စေရန် အမြဲတမ်းမိမိကိုယ်ကို ဖြည့်ဆည်းတည်ဆောက်နေကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါ သည်။

ဆက်လက်၍ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက် တာဝန်ထမ်းဆောင် ကြမည့် အရာထမ်းများနှင့် အမှုထမ်းများက ၎င်းတို့ ယခင်သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို တစ်ဦးချင်းစီအနေဖြင့် မိတ်ဆက် တင်ပြရာ ပြည်ထောင်စုဝန်ကြီးက သွားရောက်ကြမည့် နိုင်ငံအလိုက် အကောင်အတည်ဖော် ဆောင်ရွက်ရမည့် ရည်မှန်းချက်များ၊ သတိထားရှောင်ကြဉ်ရမည့်အချက်များကို အသေးစိတ် လမ်းညွှန်ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကို သစ္စာစောင့်သိ ရန်၊ မိမိအလုပ်နှင့် မိမိဘဝကို Professional ဆန်စွာ တန်ဖိုးထားပြီး တည်ဆောက်ကြရန်၊ သံတမန် တစ်ဦး၏ အရည်အချင်း၊ အရည်အသွေးများ တိုးတက်လာအောင် ဆည်းပူးနေကြရန်၊ ရောက်ရှိရာ နိုင်ငံအကြောင်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာရန်၊ တာဝန်ကျရာဆ သံရုံးများတွင် တာဝန် ထမ်းဆောင်စဉ် အထက်၊ အလယ်၊ အောက်ဝန်ထမ်းအားလုံးနှင့် ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး နေထိုင်ကာ ပေးအပ်သောတာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်ကြရန်နှင့် မိမိကိုယ်တိုင်နှင့် မိသားစုဝင်များ၏ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် မှာကြားလိုပါကြောင်းနှင့် ကြီးပွားတိုးတက် အောင်မြင်ပါစေကြောင်း ဆုတောင်းစကားပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)