နေပြည်တော်၊ ဇူလိုင် ၂၁
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ( NCA-S EAOs) 7 EAO Alliance တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်းခြင်းဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အကောင်အထည်ဖော်မှုတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ရှုထောင့်ပေါင်းစုံမှ ဝိုင်းဝန်းသုံးသပ် ဆွေးနွေးနိုင်ခဲ့ကြောင်း 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ပြောသည်။
7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း က "ဒီနှစ်ရက်တာအတွင်း ကျင်းပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲမှာ ရလဒ်ကောင်းများ ရရှိအောင် ပွင့်လင်းရင်းနှီးစွာ ကျေကျေလည်လည် အပြန်အလှန် ဝိုင်းဝန်း ဆွေးနွေး ပေးခဲ့ကြတဲ့ နှစ်ဖက်ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအားလုံးကို အထူးပဲ ကျေးဇူးတင် ရှိပါတယ်။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲမှာ မိမိတို့ 7 EAO Alliance ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့ NSPNC ညှိနှိုင်းရေးကော်မတီတို့ဟာ လွန်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အကောင်အထည်ဖော်မှုတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ရှုထောင့်ပေါင်းစုံမှ ဝိုင်းဝန်းသုံးသပ် ဆွေးနွေးနိုင်ခဲ့ပါတယ်။ အားနည်းချက်တွေကို သင်ခန်းစာယူပြီး လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေ ရှိတဲ့ ရှေ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အခင်းအကျင်း အစီအမံတွေကို ပြင်ဆင်ချမှတ်နိုင်ရေး အတွက် နှစ်ဖက် အပြန်အလှန် ညှိနိုင်းဆွေးနွေး နိုင်ခဲ့ပါတယ်။ ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့်ပါဝင် ထိုက်သူများ အားလုံး ပါဝင်လာနိုင်ရေးကိုလည်း ဒီနှစ်ရက်တာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲမှာ မိမိတို့ နှစ်ဦးနှစ်ဖက်အနေနဲ့ အထူး အလေးထား အရေးပေးပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။ ရှေ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ နှစ်ဦးနှစ်ဖက်အနေနဲ့ မိမိတို့ရဲ့ သဘောထားအမြင်တွေ၊ အဆိုပြုချက်တွေကို မှတ်တမ်းသဘောထား စုစည်းချက်များအဖြစ် ရယူနိုင်ခဲ့တဲ့အတွက် ဒီပြန်လည် သုံးသပ် ခြင်းဆွေးနွေးပွဲဟာ အောင်မြင်တဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့ မြင်ပါတယ်" ဟု ပြောသည်။
ဆက်လက်၍ ဗိုလ်မှူးကြီး စိုင်းငင်း က ရရှိထားတဲ့ သဘောထားစုစည်းချက်များကို မိမိတို့ 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အနေနဲ့ မကြာမီ ကျင်းပပြုလုပ်မယ့် ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ တင်ပြဆွေးနွေးပြီး ရှေ့ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆိုင်ရာ သဘောထားလမ်းညွှန်ချက်တွေကို ရယူသွားမှာ ဖြစ်ကြောင်း၊ ရှေ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် ဆောင်ရွက်ရမယ့် အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်ရာမှာ မိမိတို့ 7 EAO Alliance အနေနဲ့ စုပေါင်းဖော်ဆောင်နေတဲ့ အခင်းအကျင်းနဲ့ အခြားညီနောင် EAO အဖွဲ့အစည်းများရဲ့ တစ်ဖွဲ့ချင်းစီက ဖော်ဆောင်နေတဲ့ အခင်းအကျင်းတို့အကြား ဟန်ချက်ညီ သဟဇာတဖြစ်ရေးကိုလည်း ကြိုးပမ်းထိန်းညှိ ဆောင်ရွက်နေပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိအခြေအနေများနှင့်အညီ ပြန်လည်ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့်သောအဖွဲ့အစည်းများ ပါဝင်လာနိုင်စေရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့အား ရည်မှန်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်ဖော်ဆောင် နိုင်ရေးအတွက် မိမိတို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲကို နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပနေခြင်းဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့်ကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအတွင်းရေးမှူး(၁) စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး စောမြသန္တာ၊ ညှိနှိုင်းရေးမှူးများ ဖြစ်ကြသော ဦးမျိုးဝင်းနှင့် နန်းယဉ်ယဉ်စိုးတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
#News #MNP






No comments:
Post a Comment