နေပြည်တော်၊ ဇူလိုင် ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်များ လျော့နည်းလာသကဲ့သို့ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုလည်း နောက်ကျစေမည်ဖြစ်ပါကြောင်း၊ ယင်းအခြေအနေတွင် ပြည်သူလူထုအနေဖြင့် ဝန်ထမ်းများအပေါ် ယုံကြည်မှု လျော့ကျစေသည့်အပြင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုတို့ကိုပါ ယိုယွင်းပျက်စီးစေနိုင်ပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကား ပြောကြားရာတွင် အဂတိလိုက်စားမှုသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာတစ်ခုအဖြစ် ရှိနေသည်ကို တွေ့ရပြီး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အဟန့်အတား ဖြစ်စေနိုင်သည့် ကပ်ရောဂါဆိုးတစ်ခု ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်များ လျော့နည်းလာသကဲ့သို့ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုလည်း နောက်ကျစေမည်ဖြစ်ပါကြောင်း၊ ယင်းအခြေအနေတွင် ပြည်သူလူထုအနေဖြင့် ဝန်ထမ်းများအပေါ် ယုံကြည်မှု လျော့ကျစေသည့်အပြင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုတို့ကိုပါ ယိုယွင်းပျက်စီးစေနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင်၊ မိမိအသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာထိခိုက် ကျဆင်းစေမည်ဖြစ်သည့်အတွက် ဝန်ထမ်းတိုင်းက အသိတရားရှိရှိဖြင့် သတိတရားနှင့် ရှောင်ကြဉ်ကြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသည့် ဌာနဖြစ်သည်နှင့်အညီ ပြည်သူကို ထိရောက်သည့် ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် အဂတိတရား ကင်းရှင်းရန် အရေးကြီးပါကြောင်း၊ ပြည်သူကို ကြည်သာရွှင်ပြစွာဖြင့် ယဉ်ကျေးပျူငှာစွာဆက်ဆံပြီး ဌာန၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အဂတိတရား ကင်းကင်းဖြင့် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)ကို ဖွဲ့စည်းထားရှိ ဆောင်ရွက်လျက်ရှိပြီး အများပြည်သူထံမှ တုံ့ပြန်မှုရယူသည့် အစီအစဉ်ဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ပြည်သူများ အလွယ်တကူ တိုင်ကြားနိုင်ရန် ဝန်ကြီးဌာန၏ မြို့နယ်ရုံးများ၌ အကြံပြုတိုင်ကြားစာ စာတိုက်ပုံးများ ထားရှိခြင်းတို့ ဆောင်ရွက်ကာ တိုင်ကြားပေးပို့လာမှုအပေါ် စိစစ်အရေးယူဖြေရှင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ အသိပညာပေး ရှင်းလင်းဆွေးနွေးမှုများကို သေသေချာချာ လေ့လာမှတ်သားပြီး မရှင်းလင်းသည့် အချက်များရှိပါက ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးကြရန်လိုကြောင်း၊ ယခု ရှင်းလင်းဆွေးနွေးပွဲမှရရှိမည့် အသိအမြင် ဗဟုသုတများကို မိမိကိုယ်တိုင် သိရှိနားလည်သကဲ့သို့ မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က အစိုးရဌာန အသီးသီးမှ ဝန်ထမ်းများအနေဖြင့် ပေးအပ်ထားသည့် ရာထူးနှင့် လုပ်ပိုင်ခွင့်များကိုသုံး၍ အများပြည်သူအကျိုးကို ဖော်ဆောင်ရာတွင် အများအကျိုးထက် ကိုယ့်အကျိုးအတွက် အလေးပေး ဆုံးဖြတ်ဆောင်ရွက်ပါက အဂတိလိုက်စားမှု မြောက်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်ပြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ သို့မှသာ အဂတိလိုက်စားမှုကို လက်မခံသည့်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဖန်တီးဖော်ဆောင် နိုင်မည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာများကို အသီးသီးရှင်းလင်းဆွေးနွေးကြပြီး ဝန်ထမ်းများ၏ သိရှိလို၍ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးတိုးရီသည် ဌာန၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) အဖွဲ့ဝင် များအား အဆိုပါခန်းမ၌ပင်တွေ့ဆုံကာ CPU အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များအပေါ် သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ ခေတ္တညွှန်ကြားရေးမှူးချုပ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင်များနှင့် ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် ပြည်ထောင်စုနယ်မြေတို့မှ ဝန်ထမ်းများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ဝန်ထမ်းတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြပြီး စုစုပေါင်း (၅၁၁) ဦး တက်ရောက်ခဲ့ကြသည်။
#MNP #News






No comments:
Post a Comment