လယ်ယာမြေအငြင်းပွားမှုများ ဖြစ်ပေါ်လာပါက တရားရုံးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တို့အနက် မည်သည့်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို အတည်ယူရမည်နည်း - Myanmar National Post

Myanmar National Post

News Agency

Breaking

လယ်ယာမြေအငြင်းပွားမှုများ ဖြစ်ပေါ်လာပါက တရားရုံးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တို့အနက် မည်သည့်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို အတည်ယူရမည်နည်း


နေပြည်တော်၊ ဇူလိုင် ၂၁

တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လယ်ယာမြေအငြင်းပွားမှုများ ဖြစ်ပေါ်လာပါက တရားရုံးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တို့အနက် မည်သည့်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို အတည်ယူရမည်နည်း ဟု မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၆) ဒေါ်အေးချမ်းမုံ က မေးမြန်းခဲ့သည်။

လယ်ယာမြေအငြင်းပွားမှုများနှင့်စပ်လျဉ်း၍ လက်ရှိ ဥပဒေပြဋ္ဌာန်းချက်များကို ကျင့်သုံးရာတွင် ဖြစ်ပေါ်နေသည့် စီရင်ပိုင်ခွင့်ဆိုင်ရာ မရှင်းလင်းမှုများအပေါ် ပြည်သူများအနေဖြင့် သံသယကင်းရှင်းစွာ နားလည်နိုင်စေရန် လယ်ယာမြေအငြင်းပွားမှုများ ဖြစ်ပေါ်လာပါက တရားရုံးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တို့အနက် မည်သည့်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို အတည်ယူရမည်ဖြစ်ကြောင်း ရှင်းလင်းစွာသတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။ 

မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ ၇)ရရှိသူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှုများ ပေါ်ပေါက်လာပါက လယ်ယာမြေ ဥပဒေပုဒ်မ ၂၂ နှင့်အညီ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် မူလမှုခင်း ဖွင့်လှစ်ဆောင်ရွက်နိုင်ပါကြောင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက် အမိန့်အား ကျေနပ်မှုမရှိပါက လယ်ယာမြေဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ (က)နှင့်အညီ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်ရောက်နိုင်ပါကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက လယ်ယာမြေ ဥပဒေ ပုဒ်မ ၂၄ ပုဒ်မခွဲ(က)နှင့်အညီ ခရိုင်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်ရောက် နိုင်ပါကြောင်း၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက လယ်ယာမြေ ဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ (က) နှင့်အညီ နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အယူခံဝင်ရောက်နိုင်ပါကြောင်း၊ လယ်ယာမြေဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ (ဂ) အရ နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပါကြောင်း။

လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု မဟုတ်ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာပါက လယ်ယာမြေ ဥပဒေပုဒ်မ ၉ ပုဒ်မခွဲ (ဂ)နှင့်အညီ သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ်ကို ခံယူခွင့်ရှိပါကြောင်း၊ သို့ပါ၍ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၏ အဆုံးအဖြတ်ကို ခံယူရမည်ဖြစ်ပြီး နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု မဟုတ်ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက် လာပါက သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ်ကို ခံယူခွင့်ရှိပါကြောင်းကို တည်ဆဲလယ်ယာမြေ ဥပဒေတွင် ရှင်းလင်းစွာ ပြဋ္ဌာန်းထားပါကြောင်း ဖြေကြားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)