AYA Scholarship (ဧရာ ပညာသင်ဆု) အစီအစဉ်အတွက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်ချီးမြှင့်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

AYA Scholarship (ဧရာ ပညာသင်ဆု) အစီအစဉ်အတွက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်ချီးမြှင့်မည်


ရန်ကုန်၊ ဇူလိုင် ၈

ဧရာဝတီဖောင်ဒေးရှင်းသည် ၂၀၂၅–၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအတွက် မိမိတို့၏ ရည်မှန်းထားသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်ပညာများကို စိတ်အေးချမ်းသာစွာ ဆက်လက်သင်ယူနိုင်စေရန်နှင့် အနာဂတ်မြန်မာနိုင်ငံအတွက် ပညာရည်ထူးချွန်ပြီး လူမှုအကျိုးပြုစိတ်ဓာတ်ရှိသော လူငယ်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ AYA Scholarship အစီအစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုပညာသင်နှစ်တွင်လည်း ဧရာဝတီဖောင်ဒေးရှင်းမှ သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးအား ရွေးချယ်၍ တက္ကသိုလ်ကျောင်းတက်နေစဉ် ကာလတစ်လျှောက်လုံးအတွက် ပညာသင်စရိတ်အဖြစ် လစဉ် (၃) သိန်းကျပ် နှင့်အတူ သင်ထောက်ကူပစ္စည်းများအတွက် ထောက်ပံ့ကြေး နှစ်စဉ် (၅) သိန်းကျပ်ကို ထောက်ပံ့ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ ဧရာဝတီဖောင်ဒေးရှင်းသည် မျိုးဆက်သစ်လူငယ်များ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်း အဆောက်အအုံများ ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်း၊ ပညာသင်စရိတ်များနှင့် ဧရာပညာသင်ဆု များ ထောက်ပံ့ပေးခြင်း အပါအဝင် ပညာရေးဆိုင်ရာ အထောက်အပံ့အစီအစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

AYA Scholarship (ဧရာပညာသင်ဆု) ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် 

- ပညာသင်စရိတ် ထောက်ပံ့ကြေး လစဉ် (၃) သိန်းကျပ်

- သင်ထောက်ကူပစ္စည်းများအတွက် ထောက်ပံ့ကြေး နှစ်စဉ် (၅) သိန်းကျပ် အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်သည်။

လျှောက်ထားရန် အရည်အချင်းသတ်မှတ်ချက်များတွင် မြန်မာနိုင်ငံသား ဖြစ်ရမည်၊ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူ ဖြစ်ရမည်၊ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းတွင် တက်ရောက်ခွင့် ရရှိထားသူ ဖြစ်ရမည်၊ ပညာရေးတွင် ထူးချွန်ပြီး သင်ယူလိုစိတ်၊ ကြိုးစားအားထုတ်မှုနှင့် ခေါင်းဆောင်မှုအလားအလာ ရှိသူ ဖြစ်ရမည်၊ ပညာရေးကို ဆက်လက်သင်ယူလိုပြီး အမှန်တကယ် ပညာသင်ထောက်ပံ့ကြေးလိုအပ်သော ‌ကျောင်းသား ကျောင်းသူများအား ဦးစားပေးရွေးချယ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

လျှောက်ထားနိုင်မည့် တက္ကသိုလ်များ ဆေးတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ စီးပွါးရေးတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်များ လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။

လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများတွင် Scholarship လျှောက်လွှာ၊ ကိုယ်တိုင်ရေးသားထားသော ပညာသင်ဆု လျှောက်ထားရခြင်း အကြောင်းအရင်းဖော်ပြစာ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် (သို့) အမှတ်စာရင်း၊ အမျိုးသားမှတ်ပုံတင်ကတ် မိတ္တူ ၊ အိမ်ထောင်စုစာရင်း မိတ္တူ၊ တက္ကသိုလ်ဝင်ခွင့် အထောက်အထား၊ ပညာသင်ထောက်ပံ့ပေးရန် လိုအပ်ကြောင်း သက်ဆိုင်ရာ ကျောင်း နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်များ လိုအပ်ပြီး သတ်မှတ်ထားသော Scholarship လျှောက်လွှာပုံစံကို ပြည့်စုံစွာ ဖြည့်စွက်၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်လွှာတွင်ပါဝင်သော ဧရာဝတီဖောင်ဒေးရှင်း ရုံးခန်းလိပ်စာသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)