ချင်းသောင်၊ ဇူလိုင် ၁၅
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ စစ်ဘက်သုံးဆိပ်ကမ်းတစ်ခု၌ လုပ်ဆောင်လျက်ရှိသည့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ "Joint Sea-2026" ဟု အမည်ပေးထားသော စစ်ရေးလေ့ကျင့်မှုမှာ ဇူလိုင် ၁၃ ရက်က ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ကြိုတင်စီစဉ်ထားသည့် လေ့ကျင့်ရေးမစ်ရှင်အားလုံး ပြီးမြောက်ခဲ့ကြောင်း သိရသည်။
စစ်ရေးလေ့ကျင့်မှုများ ပြီးဆုံးပြီးနောက် လေ့ကျင့်မှုတွင် ပါဝင်သော နှစ်နိုင်ငံတပ်ဖွဲ့ဝင်အချို့က ပူးတွဲကင်းလှည့်ရန် ပစိဖိတ်သမုဒ္ဒရာသို့ ထွက်ခွာသွားခဲ့သည်။
နှစ်ဖက်ရေတပ်များက "ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို ပူးတွဲတန်ပြန်ရင်ဆိုင်ခြင်း" ကို အဓိကဦးတည်သည့် စစ်ရေးလေ့ကျင့်မှုအတွက် ရေပေါ်၊ ရေအောက်၊ ဝေဟင်နှင့် ထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့များ အပါအဝင် စစ်သင်္ဘော ၁၀ စင်းအား ဖြန့်ကြက်ခဲ့သည်။
ဆိပ်ကမ်းအခြေပြု စီမံချက်ရေးဆွဲသည့်အဆင့်၌ နှစ်ဖက်အနေဖြင့် ဖြစ်နိုင်ခြေရှိသည်များကို စားပွဲဝိုင်းပေါ်၌ ဆွေးနွေးသုံးသပ်သည့်အသွင် လေ့ကျင့်ပြင်ဆင်မှုများ၊ စစ်ရေယာဉ်တစ်စင်းပေါ်မှ အခြားတစ်စင်းပေါ်သို့ သွားရောက်လည်ပတ်ခြင်း၊ ပညာရှင်အဆင့် နှီးနှောဖလှယ်ခြင်း၊ ကြိုဆိုဧည့်ခံပွဲများနှင့် ချစ်ကြည်ရေး ဘတ်စကက်ဘောပွဲစဉ်များ အပါအဝင် လှုပ်ရှားမှုအမျိုးမျိုး ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် နှစ်ဖက်တပ်ဖွဲ့ဝင်များက ပင်လယ်ပြင်၌ ပူးတွဲကင်းထောက်ခြင်း၊ လေကြောင်းနှင့် ဒုံးလက်နက်အန္တရာယ် ကာကွယ်ခြင်း၊ ရေပေါ်သွားသင်္ဘောများကို ချေမှုန်းခြင်း၊ ရေငုပ်သင်္ဘောထဲတွင် ပိတ်မိနေသူများကို ပူးတွဲကယ်ဆယ်ခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တိုက်ခိုက်ရေးအတွက် အဓိကအသားပေးကာ ရေကြောင်းနှင့် လေကြောင်းတိုက်ပွဲ၏ ပကတိအခြေအနေအတိုင်း အပြည့်အဝ သဏ္ဌာန်တူဖန်တီးထားခြင်း ဖြစ်သည်ဟု စစ်ရေးလေ့ကျင့်မှုအား တရုတ်နိုင်ငံဘက်မှ ဦးဆောင်စီစဉ်ညွှန်ကြားသူ၏ အဆိုအရ သိရသည်။
အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုက နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်၏ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို ပိုမိုနက်ရှိုင်းစေကာ ကာလရှည် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး ပင်လယ်ရေကြောင်း အကျပ်အတည်းများအား အတူတကွ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကိုလည်း မြှင့်တင်ပေးလျက်ရှိကြောင်း စစ်ရေးလေ့ကျင့်မှုအား ဦးဆောင်စီစဉ်ညွှန်ကြားသူက ဖြည့်စွက်ပြောကြားသည်။
ဇူလိုင် ၆ ရက်၌ စတင်ခဲ့သည့် "Joint Sea-2026" ဟုအမည်ရသော စစ်ရေးလေ့ကျင့်မှုမှာ ၂၀၁၂ ခုနှစ်မှစ၍ ၁၂ ကြိမ်မြောက် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုလည်းဖြစ်သည်။
ယင်းပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ရန်အတွက် လက်တွေ့အရေးပါသည့် အနက်အဓိပ္ပာယ်ရှိကြောင်း ရေတပ်သုတေသနအကယ်ဒမီမှ သုတေသီ ကျိန့်ဟုန် က ဆိုသည်။
Ref - (Xinhua)
#MNP #News




No comments:
Post a Comment