ဇူလိုင် - ၁၅ ( ဗုဒ္ဒဟူးနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်မှာ မြေပြင်စစ်ဆင်ရေးလုပ်ဖို့ ရှိ၊ မရှိ ဆိုတာကို အတိအကျ ငြင်းဆိုခြင်းမရှိပါဘူး။ အမေရိကန်စစ်တပ် ပါဝင်စရာမလိုဘဲ (သူအတိအကျ ထုတ်မပြောတဲ့) မဟာမိတ်တပ်ဖွဲ့တွေကနေ ကတ်ခ်ကျွန်း လို ဗျူဟာမြောက် အရေးကြီးတဲ့နေရာတွေကို သိမ်းပိုက်နိုင်တယ်လို့ သူက ဆိုပါတယ်။ တစ်ဖက်မှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေကို လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ တံတားတွေအထိပါ တိုးချဲ့တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါသေးတယ်။
အင်္ဂါနေ့တုန်းက Fox News နဲ့ အင်တာဗျူးမှာ ထရမ့်က “သူသာ သင့်တော်တယ်လို့ ယူဆရင်” မြေပြင်စစ်ဆင်ရေးလုပ်ဖို့ စဉ်းစားသွားမယ်လို့ ပြောခဲ့ပါတယ်။ “တချို့အချိန်တွေမှာ မြေပြင်စစ်ဆင်ရေး လိုအပ်တတ်ပေမဲ့ ကျနော်တို့အတွက် မြေပြင်တိုက်ပွဲ ဝင်ပေးမယ့် တခြားလူတွေ ရှိပါသေးတယ်။ ဒါပေမဲ့ ကျနော်တို့ ကတ်ခ်ကျွန်းကို နှစ်ခါ၊ သုံးခါလောက် တိုက်ခိုက်ပြီးသွားပါပြီ။ ‘ရေနံကလွဲရင် ကျန်တာအကုန်တိုက်!’ လို့ ကျနော် ပြောထားတယ်” လို့ ထရမ့်က ပြောသွားပါတယ်။
အီရန်ပင်လယ်ကွေ့ ကမ်းရိုးတန်းကနေ ၂၅ ကီလိုမီတာ (၁၅ မိုင်) လောက်အကွာမှာရှိတဲ့ ကတ်ခ်ကျွန်း ဟာ အီရန်နိုင်ငံရဲ့ ရေနံစိမ်းတင်ပို့မှု ၉၀ ရာခိုင်နှုန်းလောက်ကို ကိုင်တွယ်ပေးနေပြီး နိုင်ငံရဲ့ ရေနံဝင်ငွေ အဓိကရရှိရာ အသက်သွေးကြော လမ်းကြောင်းကြီးလည်း ဖြစ်ပါတယ်။
အခုတော့ ပျက်ပြားသွားပြီဖြစ်တဲ့ ဧပြီလ အပစ်အခတ်ရပ်စဲရေး မတိုင်ခင်တုန်းကလည်း ထရမ့်က “ရေနံတွေကို သိမ်းပိုက်ဖို့” ဂျာ့ခ်ကျွန်းကို သိမ်းယူမယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ အဲဒီကျွန်းကို သိမ်းဖို့ ရည်ရွယ်ချက် ရှိနေသေးလားလို့ တိုက်ရိုက်မေးတဲ့အခါ ထရမ့်က အခုလို ပြန်ဖြေခဲ့ပါတယ်။ “ကျွန်းကို သိမ်းဖို့ ကိစ္စကတော့... ကျနော်တို့က သူတို့ကို အားပျော့သွားအောင် အတော်လေး ပြင်းပြင်းထန်ထန်နဲ့ ထိထိရောက်ရောက် ချေမှုန်းနိုင်ခဲ့ရင်တော့ အဲဒီလို လုပ်မှာပါ”လို့ဆိုပါတယ်။
“ကျနော်က တော်ပြီလို့ မပြောမချင်း ဒီတိုက်ခိုက်မှုတွေက ဆက်ရှိနေဦးမှာပါ။ နောက်အပတ်ကျရင် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ အလှည့်ရောက်မယ်။ အဲဒီနောက်အပတ်ကျရင် တံတားတွေ အလှည့်ဖြစ်လိမ့်မယ်။ သူတို့သာ ဆွေးနွေးပွဲစားပွဲဝိုင်းကို ရောက်မလာဘဲ ငြိမ်းချမ်းရေးမဆွေးနွေးဘူးဆိုရင် သူတို့ရဲ့ ဓာတ်အားပေးစက်ရုံတွေနဲ့ တံတားတွေအားလုံးကို ကျနော်တို့ အပြတ်ရှင်းပစ်မှာပါ” လို့ ထရန့်က ပြောခဲ့ပါတယ်။
ဒါ့အပြင် ထရမ့်က အီရန်အနေနဲ့ ဝါရှင်တန်နဲ့ သဘောတူညီချက်တစ်ခုခု မရမချင်း “သူတို့ဆီမှာ လူတစ်ယောက်မှ ကျန်တော့မှာမဟုတ်ဘူး” လို့ ထပ်ပြီး သတိပေးခဲ့ပါသေးတယ်။ ဒီသတိပေးချက်ကို လွန်ခဲ့တဲ့ “တစ်နာရီလောက်က” ပြုလုပ်ခဲ့တဲ့ အဆက်အသွယ်တွေကတစ်ဆင့် အမေရိကန်အရာရှိတွေက တီဟီရန် (အီရန်အစိုးရ) ထံကို တိုက်ရိုက် ပေးပို့လိုက်ပြီဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
“ကျွန်တော်တို့ အရပ်သားပြည်သူတွေနဲ့ ပတ်သက်ရင်တော့ အလွန်တရာကို သတိထားပြီး ကိုင်တွယ်နေပါတယ်” လို့ ထရမ့်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ တကယ်တမ်းကျတော့ သူဟာ အီရန်နိုင်ငံ ပျက်စီးသွားတဲ့အထိ ဗုံးကြဲတိုက်ခိုက်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ဖူးသူဖြစ်ပြီး၊ တစ်ခါတုန်းကဆိုရင်လည်း တီဟီရန် (အီရန်အစိုးရ) အနေနဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်နာဘူးဆိုရင် “ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်သုဉ်းသွားလိမ့်မယ်” လို့တောင် သတိပေးခဲ့ဖူးပါတယ်။
ဒေသခံအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးကတည်းက အီရန်မှာ သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်ဟာ ၁,၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။ အဲဒီထဲမှာ သေဆုံးမှုအများဆုံးနဲ့ အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုကတော့ မိနတ်ဘ် (Minab) မြို့က ရှာဂျာရီ တိုင်ရီဘတ် (Shajareh Tayyebeh) မိန်းကလေးမူလတန်းကျောင်း ဗုံးထိမှန်ခဲ့တာဖြစ်ပြီး ကလေးအများစုအပါအဝင် လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့ရပါတယ်။
သတင်းမီဒီယာအသီးသီးရဲ့ ပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက် စုံစမ်းစစ်ဆေးမှုတွေအရတော့ အဲဒီကျောင်းဟာ အနီးနားမှာရှိတဲ့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ရေတပ်စခန်းကို အမေရိကန်က တိုက်ခိုက်ရာကနေ လွဲချော်ပြီး ထိမှန်သွားတာဖြစ်ဖို့များတယ်လို့ ကောက်ချက်ချထားကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထရန့်ကတော့ အမေရိကန်မှာ တာဝန်ရှိတယ်ဆိုတာကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပေမဲ့ ပြီးခဲ့တဲ့လတုန်းကတော့ အခုလို ပြောသွားခဲ့ပါသေးတယ်။ “အမှားဆိုတာကတော့ ရှိတတ်တာပဲလေ၊ ဘယ်သူကမှ တမင်သက်သက် လုပ်ခဲ့တာ မဟုတ်ပါဘူး”လို့ ချေပပြောထားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment