ပုသိမ်၊ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ် အခမ်းအနားသို့တက်ရောက်ခဲ့ပြီး အခွန် စည်းကြပ် ကောက်ခံမှုအပိုင်းကို ဆောင်ရွက်ကြသည့် ဝန်ထမ်းများ အခွန်ထမ်း ပြည်သူများအပေါ် နွေးထွေးပျူငှာသော ဝန်ဆောင်မှုများကို ပေးအပ်ဆောင်ရွက်ကြရန် ပြောကြားသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိကြောင်း ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၉ တွင် ရှင်းလင်းစွာ ပြဋ္ဌာန်းဖော်ပြထားရှိပါကြောင်း၊ အခွန်ဘဏ္ဍာငွေ ပြည့်ဝစွာ ကောက်ခံရရှိရေးအတွက် အခွန်ဆိုင်ရာ အသိပညာပေးခြင်းနှင့် အခွန်ဆိုင်ရာတာဝန်များကို လေးစားလိုက်နာ ဆောင်ရွက်ခြင်းတို့သည် အခြေခံလိုအပ်ချက်များ ဖြစ်ကြပါကြောင်း၊ ယခု Tax Campaign အစီအစဉ်သည် အခွန်ထမ်းပြည်သူများအကြား အခွန်ဆိုင်ရာဗဟုသုတများ စိမ့်ဝင်ပျံ့နှံ့ရောက်ရှိစေဖို့ အဓိက ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အတွင်း အခွန်ဘဏ္ဍာငွေများ ပြည့်ဝစွာ ကောက်ခံရရှိရန်အတွက် အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ အခွန် စည်းကြပ် ကောက်ခံမှုအပိုင်းကို ဆောင်ရွက်ကြရသည့် ဝန်ထမ်းများကလည်း အခွန်ထမ်း ပြည်သူများအပေါ် နွေးထွေးပျူငှာသော ဝန်ဆောင်မှုများကို ပေးအပ်ဆောင်ရွက်ကြရန်” အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးက အခွန်ကောက်ခံမှုလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
#MNP #News






No comments:
Post a Comment