အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်းဆိုသည့် နည်းလမ်း (၃) သွယ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်းဆိုသည့် နည်းလမ်း (၃) သွယ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ







နေပြည်တော်၊ ဇူလိုင်  ၁၃ 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ UMFCCI မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်းဆိုသည့် နည်းလမ်း (၃) သွယ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း၊ ကျင့်ဝတ်နှင့်ညီသော စီးပွားရေးကဏ္ဍနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် တစ်ဦးတစ်ယောက်မှစ၍ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်နှင့် အဂတိလိုက်စားမှုကို လက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသော လူမှုအသိုက်အဝန်းကို ဖန်တီးဖော်ဆောင်နိုင်စေရန် ရည်ရွယ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများကို ထိခိုက်စေပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ကြီးမားသည့် အဟန့်အတားတစ်ခု ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု ပုံစံများသည် နည်းပညာများ ထွန်းကားလာသည်နှင့်အမျှ ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေပါကြောင်း၊ အဂတိလိုက်စားမှုများသည် စီးပွားရေးကဏ္ဍများအပေါ် နည်းလမ်းမျိုးစုံဖြင့် ဆိုးကျိုးသက်ရောက် စေနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် မျှတပြီး လုံခြုံစိတ်ချရသော ဈေးကွက်များ ဖြစ်ပေါ်၍ လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ ကောင်းကျိုးချမ်းသာ ရရှိစေရန်အတွက် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ခြင်းသည် အလွန်အရေးပါကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် စီးပွားရေးလုပ်ငန်း အလေ့အထကောင်းများ တည်ဆောက်ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေများကို လေးစားလိုက်နာခြင်းနှင့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးလုပ်ငန်းများကို တည်ဆောက်ခြင်းဖြင့် ကောင်းမွန်သည့် အပြောင်းအလဲများ ဖော်ဆောင်ရာတွင် ပုဂ္ဂလိကကဏ္ဍသည် အဓိကအရေးပါသည့် အခန်းကဏ္ဍပင်ဖြစ်ကြောင်း၊ စီးပွားရေးကဏ္ဍအနေဖြင့်လည်း Business Integrity များကို တည်ဆောက်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို ဖော်ဆောင်နိုင်ရန် Customer Review အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်းဆိုသည့် နည်းလမ်း (၃) သွယ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှုများကို ကော်မရှင်နှင့်အတူ ပူးပေါင်းတိုက်ဖျက်ပေးကြရန်နှင့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးအသိုက်အဝန်းကို ဖန်းတီးဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင် က အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် ပုဂ္ဂလိကကဏ္ဍရှိ ကျင့်ဝတ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်မြတ်ဆုသင်း က စီးပွားရေး လုပ်ငန်းကဏ္ဍများတွင် ဖြစ်ပွားတတ်သော အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် စီးပွားရေးလုပ်ငန်းကဏ္ဍနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးညွန့်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)