ဒါကာ၊ ဇူလိုင် ၁၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမျိုးသား ကာကွယ်ရေးကောလိပ်၊ ကျောင်းအုပ်ကြီး Lieutenant General MD Faizur Rahman ၏ ဖိတ်ကြားချက်အရ ၁၃-၇-၂၀၂၆ ရက်တွင် ဒါကာမြို့ရှိ အမျိုးသားကာကွယ်ရေးကောလိပ်၌ NDC-2026 သင်တန်းတက်ရောက်သူများအား “Contemporary Myanmar: Its Foreign Policy, Security and Development Strategy, and Bangladesh-Myanmar Relations” ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့သည်။
သံအမတ်ကြီးက ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ရွေးကောက်ခံအစိုးရ သစ်၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို ဦးစားပေး ဆောင်ရွက်နေမှု၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးမှ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် သံတမန်ဆက်ဆံရေး ထိတွေ့ဆောင်ရွက်မှုများအပြင် ဘင်္ဂလားဒေ့ရှ်-မြန်မာ ဆက်ဆံရေးတို့ကို အဓိကပို့ချခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးမှုများ၊ လူမှုစီးပွားရေး အသွင်ပြောင်းလဲမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည့် လက်ရှိလုပ်ဆောင်မှုများကိုလည်း အလေးပေးပြောကြားခဲ့သည်။
သံအမတ်ကြီးက ဟောပြောပွဲအပြီး အမေး၊ အဖြေကဏ္ဍတွင် တက်ရောက်လာသူများ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။
ဟောပြောပွဲသို့ NDC ၏ ကျောင်းအုပ်ကြီး Lieutenant General MD Faizur Rahman နှင့်အတူ ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ်ဖွဲ့များမှ ဗိုလ်မှူးချုပ်အဆင့် သင်တန်းသားအရာရှိကြီးများ၊ တွဲဖက်အတွင်းရေးမှူး (ညွှန်ကြားရေးမှူးချုပ်/ ဒုတိယညွှန်ကြားရေးမှူးချုပ်) ရာထူးအဆင့်ရှိ အရပ်ဘက်အရာရှိကြီးများနှင့် ပြင်ပနိုင်ငံ ၁၇ နိုင်ငံမှ သင်တန်းသားအရာရှိကြီးများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။
#MNP #News




No comments:
Post a Comment