ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသဘောတူညီချက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသဘောတူညီချက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုး


နေပြည်တော်၊ ဇူလိုင် ၂၁

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာကွန်ဖရင့်နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။

ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု နည်းပညာကွန်ဖရင့်ကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် AI အသုံးပြုနိုင်မှု ကွာဟချက်ကို လျှော့ချရန်၊ မျှတမှုရှိသော ကမ္ဘာလုံးဆိုင်ရာ AI စီမံအုပ်ချုပ်မှုနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုမူဘောင်တို့ကို ထူထောင်ရန်နှင့် AI နည်းပညာများကို နိုင်ငံများနှင့် လူသားအားလုံး၏ အကျိုးစီးပွားအတွက် ပိုမို၍အသုံးချလာနိုင်စေရန်ဟူသည့် အဓိကရည်ရွယ်ချက်များဖြင့် ၂၀၁၈ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံက ဦးဆောင်ပြီး နှစ်စဉ်ကျင်းပလျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၆ ရက် ညနေပိုင်းတွင် Shanghai Grand Hall ၌ ပြုလုပ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ အခြားနိုင်ငံ မျာမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့သည်။

ဆက်လက်၍ ကမ္ဘာ့ဉာဏ်ရည်တု နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (World Artificial Intelligence Cooperation Organization - WAICO) ဖွဲ့စည်းခြင်း သဘောတူညီချက်အား လက်မှတ်ရေးထိုးသည့်အခမ်းအနားသို့ တက်ရောက်ရာ အခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Wang Yi က အဖွင့်အမှာ စကားပြောကြားပြီး ဖွင့်လှစ်ခဲ့သည်။ 

အဆိုပါသဘောတူညီချက်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။

၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာကွန်ဖရင့်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် Shanghai Expo Center ၌ ကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင် တက်ရောက်အဖွင့် အမှာစကားပြောကြားပြီး ဖွင့်လှစ်ပေးသည်။ သမ္မတ ရှီကျင့်ဖျင်က AI နည်းပညာ နှင့်စပ်လျဉ်းပြီး လုံခြုံရေး၊ ကျင့်ဝတ်နှင့် အုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုများကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းရန်၊ AI အား လူသား၏ထိန်းချုပ်မှု အောက်တွင်ထားရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ AI အုပ်ချုပ်မှုပုံစံကို ပုံဖော်ရာတွင် မတူကွဲပြားသည့် ယဉ်ကျေး မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ထည့်သွင်းစဉ်းစားရန်၊ နိုင်ငံများ၏ ကိုယ်ပိုင်စီရင်အုပ်ချုပ်ပိုင်ခွင့်ကို လေးစားပြီး အားလုံးပါဝင်နိုင်သည့် အုပ်ချုပ်မှုပုံစံဖြစ်စေရေးဆောင်ရွက်သွားရန်နှင့် ဖွံ့ဖြိုးဆဲ Global South နိုင်ငံများ၏ စွမ်းဆောင် ရည်မြှင့်တင်ရေးနှင့် ဒီဂျစ်တယ်ကွာဟမှု လျှော့ချရေးတို့ကို အဓိကထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပြီး ကွန်ဖရင့်အား ညနေ ၅ နာရီအထိ သက်ဆိုင်ရာကဏ္ဍခွဲများအလိုက် ဆက်လက်ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းတွင် Shanghai International Convention Center ၌ ကျင်းပသည့် WAICO ဖွဲ့စည်းထူထောင်ခြင်းအတွက် ကြိုတင်ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ဆွေးနွေးခဲ့သည်။ 

ပြည်ထောင်စုဝန်ကြီးက WAICO ကို ကျင့်ဝတ်နှင့်ညီညွတ်သော၊ အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့သော AI ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်သည့် အဖွဲ့အစည်းဖြစ်လာစေရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် AI ကွာဟမှုလျှော့ချရေး၊ ဆိုက်ဘာလုံခြုံရေး၊ သတင်းမှားပြန့်ပွားမှုတိုက်ဖျက်ရေးတို့ ကဲ့သို့သောကဏ္ဍများတွင် အလေးထား ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း AI နည်းပညာသည် ကမ္ဘာ့လူသားအားလုံးကို စွမ်းဆောင်ရည်မြှင့်တင်ပေးသော၊ သာယာဝပြောရေးကို မြှင့်တင်ပေးသော၊ လုံခြုံရေးကို ကာကွယ်ပေးသောပုံစံဖြင့် တိုးတက်လာစေရေးအတွက် အဖွဲ့ဝင် နိုင်ငံများအားလုံးနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

အစည်းအဝေးသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များသည် ဇူလိုင် ၁၇ ရက် ညနေပိုင်းတွင် Shanghai Expo Center တွင် ပြသထားသည့် AI ပြခန်း များသို့ တရုတ်နိုင်ငံအစိုးရ၏ အစီအစဉ် ဖြင့် သွားရောက်လေ့လာကြသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၈ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ အေအိုင်အုပ်ချုပ်မှု အဆင့်မြင့်အစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကားပြောကြားရာတွင် AI ၏ ကြီးမားသည့် အလားအလာများကို အပြည့်အဝအသုံးချနိုင်ရန်အတွက် AI နည်းပညာကွာဟချက်ကို နိုင်ငံအားလုံး ပူးပေါင်းလျှော့ချသွားရန် အရေးကြီးပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံအဆောက်အအုံများကို တိုးချဲ့ပေးရန်၊ ဒေတာအချက်အလက်ရရှိနိုင်မှုနှင့် ကွန်ပျူတာတွက်ချက်နိုင်စွမ်းကို မြှင့်တင်ပေးရန်နှင့် ဒီဂျစ်တယ်ကျွမ်းကျင်မှုနှင့် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ AI နည်းပညာကြောင့် ဖြစ်ပေါ်လာသော ဆိုက်ဘာလုံခြုံရေး၊ သတင်းအမှားများ၊ အွန်လိုင်းလိမ်လည်မှု၊ ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုနှင့် အရေးကြီးအခြေခံအဆောက်အအုံ များအပေါ်ခြိမ်းခြောက်မှု စသည့်အန္တရာယ် များကို ပူးပေါင်းကာကွယ်ရန်လိုကြောင်း နှင့် AI သည် လူသားအားလုံးအတွက် ပိုမိုတောက်ပပြီး ရေရှည်တည်တံ့သော အနာဂတ်ကို ဖော်ဆောင်ပေးသော အင်အားတစ်ရပ်ဖြစ်လာစေရန် တိုက်တွန်းပါကြောင်း၊ AI ကို လူသားဗဟို ပြုသည့်စနစ်ဖြစ်လာစေရေး၊ ဘေးကင်းလုံခြုံမှုရှိကာ ကျင့်ဝတ်နှင့်ညီညွတ်ပြီး တာဝန်ယူမှုရှိသော နည်းပညာအဖြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံများ၏ ကိုယ်ပိုင်စီရင်အုပ်ချုပ်ပိုင်ခွင့်ကို လေးစား သည့် ကမ္ဘာလုံးဆိုင်ရာ AI အုပ်ချုပ်မှုမူဘောင်များ တည်ဆောက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ကွန်ဖရင့်သို့ တက်ရောက်ရန် ရှန်ဟိုင်းမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စု ဝန်ကြီးအား ကွမ်ရှီးပြည်နယ် Data Bureau of Guangxi ၏ အကြီးအကဲက ဇူလိုင် ၁၆ ရက် မွန်းလွဲပိုင်းတွင် ခေတ္တ တည်းခိုနေထိုင်ရာ Grand Central Hotel Shanghai သို့ လာရောက်တွေ့ဆုံ၍ China-ASEAN AI ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသည့်စီမံကိန်းများ၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အစီအစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်ရန်ရှိသည့် အစီအစဉ်များကို ဆွေးနွေးသည်။

ဖွင့်ပွဲအခမ်းအနားနှင့် အစည်းအဝေးများသို့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်၊ ကာဇက်စတန်သမ္မတနိုင်ငံသမ္မတ၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့နှင့် နိုင်ငံများမှ ဝန်ကြီးအဆင့်ကိုယ်စားလှယ်များ၊ AI ဆိုင်ရာဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ၊ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် ကိုယ်စားလှယ် ၁၄၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)