ရန်ကုန်၊ ဇူလိုင် ၂၄
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ FMI အိမ်ရာဝန်း၊ တပင်ရွှေထီးလမ်းဘက်ခြမ်း၊ ဂိတ်အမှတ်(၃)တွင် လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးဝန်ထမ်း ဦးထွေးလှိုင် က ယနေ့ ၂၄.၇.၂၀၂၆ ရက်နေ့ ၀၆ ၀၀ အချိန်ခန့်မှစ၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ FMI အိမ်ရာဝန်း၊ တပင်ရွှေထီးလမ်းဘက်ခြမ်း၊ ဂိတ်အမှတ်(၃)တွင် အောင်ဖြိုးဦး(၂၉)နှစ် နှင့်အတူ လုံခြုံရေးတာဝန်ယူဆောင်ရွက်နေစဉ် ၁၂၁၀ အချိန်ခန့်တွင် လူငယ်တစ်ဦး ဂိတ်ပေါက်မှဝင်လာသဖြင့် လုံခြုံရေးတာဝန် အောင်ဖြိုးဦးမှ စစ်ဆေးမေးမြန်းသည်ကို သေချာစွာပြန်လည်ဖြေကြား ခြင်းမရှိဘဲ ဂျစ်ကန်ကန်ပြောပြီး လှည့်ကြည့်သွားသဖြင့် အောင်ဖြိုးဦးမှ အဆိုပါ လူငယ်အား “ဘာကြည့်တာလဲ”ဟု ပြောဆိုခဲ့ကြောင်း၊ မိနစ်(၃၀)ခန့်အကြာ အဆိုပါလူငယ်သည် ဂိတ်အမှတ်(၃)မှ ပြန်ထွက်လာသဖြင့် အောင်ဖြိုးဦးမှ အဆိုပါလူငယ်အား ရပ်တန့်စေပြီး “ငါတို့က အေးအေးဆေးဆေး မေးမြန်းတာကွာ၊ ကြည်ကြည်ဖြူဖြူပြန်ပြောမှ ပေါ့”ဟု ပြောဆိုနေစဉ် အဆိုပါလူငယ်မှာ ဘာမှပြန်လည်ပြောဆိုခြင်းမရှိဘဲ ဂိတ်ပေါက်ဝအပြင်လမ်းပေါ်သို့ထွက် သွားသဖြင့် အောင်ဖြိုးဦးမှ နောက်မှလိုက်သွားရာမှ အဆိုပါလူငယ်မှ အောင်ဖြိုးဦးအား အသင့်ပါလာသော အရိုး(၄) လက်မ၊ အသွား(၅)လက်မခန့်ရှိ ပလပ်စတစ်ပန်းရောင်အရိုးတပ် စတီးဓားဖြင့်ထိုးလိုက်၍ လည်ပင်းတွင် ထိုးသွင်း ဒဏ်ရာ(၁)ချက်(စိုးရမ်ရ)ရရှိပြီး လဲကျသွားသဖြင့် အဆိုပါလူငယ်အား ပတ် ဝန်းကျင်ရှိလူများနှင့်အတူ ဝိုင်းဝန်းဖမ်းဆီးရမိခဲ့သည်။
အောင်ဖြိုးဦးအား လှိုင်သာယာ ပြည်သူ့ ဆေးရုံကြီးသို့ပို့အပ်ခဲ့ရာ ဆေးရုံသို့ ရောက်သောအခါ တာဝန်ကျဆရာဝန်မှ အောင်ဖြိုးဦးမှာ ရရှိသော ဒဏ်ရာကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း ပြောပြသိရှိရပြီး သေဆုံးသူ အောင်ဖြိုးဦးအား မှုခင်းဆရာဝန်ကြီးဒေါက်တာ ညီဖြိုးဦးမှ PR-05 ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဓားဖြင့်ထိုးသည့် လူငယ်မှာ ဟိန်းထွဋ်ကျော် ဖြစ်ပြီး တာဝန်ရှိသူများက မှုခင်းနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#News #MNP

No comments:
Post a Comment