လေးမျက်နှာရေဘေးအပြီး ရေရှည်ကာကွယ်ရေးနှင့် ဧရာဝတီတိုင်း ရေအရင်းအမြစ် စီမံခန့်ခွဲမှုစီမံချက် ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

လေးမျက်နှာရေဘေးအပြီး ရေရှည်ကာကွယ်ရေးနှင့် ဧရာဝတီတိုင်း ရေအရင်းအမြစ် စီမံခန့်ခွဲမှုစီမံချက် ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား


နေပြည်တော်၊ သြဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုနှင့် ငဝန်ရေကာတာ တာမိုင် (၂၅/၃) နေရာ၌ တာတမံနိမ့်ကျမှုအခြေအနေတို့နှင့်ပတ်သက်၍ လတ်တလော ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်သကဲ့သို့ နောင်တွင် အလားတူသဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် လူသားတို့က ကြိုတင်ဖန်တီးဆောင်ရွက်နိုင်သည့် ရေရှည်ကာကွယ်ရေးအစီအမံများကို စနစ်တကျ လေ့လာဖော်ထုတ် အကောင်အထည်ဖော်ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တွေ့ဆုံမှာကြားခဲ့သည်ဟု ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက telegram မှ သတင်းထုတ်ပြန်ထားသည်။

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သဖြင့် ယင်းကာလအတွင်း ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မည်သို့ဆောင်ရွက်ထားသည်၊ ရေရှည်တွင် မည်သည့်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဆိုသည်ကို ပြန်လည်သုံးသပ်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။

ထို့ပြင် ဟင်္သာတဒေသအပါအဝင် ဧရာဝတီမြစ်နှင့် ငဝန်မြစ်တို့ ဆက်စပ်စီးဆင်းရာဒေသများ၏ ယခင်နှင့် လက်ရှိ ရေစီးရေလာအခြေအနေ၊ နုန်းနှင့်သဲ စုပုံမှု၊ အမှိုက်အပျက်အစီးများကြောင့် ရေလမ်းကြောင်း ပြောင်းလဲလာမှုတို့ကို ရှိပြီးသား မှတ်တမ်းအချက်အလက်များနှင့် နှိုင်းယှဉ်၍ ပြန်လည်လေ့လာရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြေနှင့်ရေအရင်းအမြစ် ပေါကြွယ်ဝသည့်ဒေသဖြစ်သဖြင့် ရှိပြီးသား အရင်းအမြစ်များကို မည်သို့ထိရောက်စွာ အသုံးချမည်ကို စနစ်တကျစဉ်းစားရန်လိုကြောင်း၊ အထူးသဖြင့် ရေချိုရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့် ရေငံဝင်ရောက်မှုတားဆီးရေးတို့ကို ရေရှည်အမြင်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ရေတင်စနစ်များတွင် ဆိုလာစနစ်အသုံးပြုခြင်းသည် သင့်လျော်သည့်နည်းလမ်းတစ်ခုဖြစ်သဖြင့် ဧရာဝတီတိုင်းဒေသကြီး၌ ဆိုလာစနစ်ဖြင့် ရေတင်အသုံးပြုနိုင်ရေးကို လေ့လာဆောင်ရွက်ရန်နှင့် ရေငံဝင်ရောက်မှုကို ထိန်းချုပ်နိုင်ပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ကျစရိတ်များနိုင်သော်လည်း ရေရှည်တွင် ဒေသ၏ထုတ်လုပ်မှုနှင့် ဝင်ငွေတိုးတက်စေပြီး အကျိုးရှိမည်ဆိုပါက နိုင်ငံတော်အနေဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားရန်ရှိကြောင်း၊ သက်ဆိုင်ရာပညာရှင်များပါဝင်သည့် အဖွဲ့များဖွဲ့စည်း၍ ရေငံတားဆီးရေး၊ ရေချိုသိုလှောင်အသုံးချရေး၊ ရေကြောင်းသွားလာရေးနှင့် စိုက်ပျိုးရေးအတွက် ရေအသုံးချရေးတို့ကို ပေါင်းစပ်စဉ်းစားကာ ဧရာဝတီတိုင်းဒေသကြီး၏ ရေရှည်ရေအရင်းအမြစ်စီမံခန့်ခွဲမှု Plan တစ်ရပ် ရေးဆွဲထားရန်လိုကြောင်း မှာကြားခဲ့သည်။

တိုင်းဒေသကြီးအစိုးရအနေဖြင့် မည်သည့်စီမံကိန်းများကို မည်သို့ဆောင်ရွက်မည်၊ တိုင်းဒေသကြီးဘဏ္ဍာငွေမှ မည်မျှအသုံးပြုနိုင်မည်နှင့် ပြည်ထောင်စုအစိုးရမှ မည်မျှပံ့ပိုးရန်လိုအပ်မည်တို့ကို စနစ်တကျတွက်ချက်၍ စီမံချက်များ တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

တစ်ဖက်တွင် ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်မြို့ကို အရေးပါသည့် ဆိပ်ကမ်းမြို့တစ်မြို့အဖြစ် ဖွံ့ဖြိုးတိုးတက်စေပြီး ပင်လယ်ကူးဆိပ်ကမ်းတစ်ခု ဖော်ဆောင်နိုင်ရေးကိုလည်း ရေရှည်မျှော်မှန်း ဆောင်ရွက်လိုကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

ဒေသဖွံ့ဖြိုးရေးတွင် သဘာဝသယံဇာတများရှိရုံဖြင့် မလုံလောက်ဘဲ လူသားအရင်းအမြစ်၊ နည်းပညာနှင့် ပညာရေးတို့သည် အဓိကကျကြောင်း၊ ပညာရေးအဆင့်အတန်းသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို ထင်ဟပ်စေသဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ပညာရေးကဏ္ဍကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မအူပင်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အဆင့်မြင့်ပညာရေးအခွင့်အလမ်းများ ဖော်ဆောင်ပေးထားသကဲ့သို့ နိုင်ငံတော်အနေဖြင့် လိုအပ်သည့် အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)