ဩဂုတ် - ၈ ( စနေနေ့ )
အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရီယာဒ် (ဆော်ဒီ) အနေနဲ့ စိုက်ထုတ်ထားတဲ့ လုံခြုံရေး မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်နဲ့ တူရကီတို့အကြား ချုပ်ဆိုလိုက်တဲ့ အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်အသစ်ကို အီရန် လွှတ်တော်အမတ်တစ်ဦးက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။
အဆိုပါ သုံးနိုင်ငံဟာ သောကြာနေ့က "မက္ကာ ပူးတွဲကာကွယ်ရေး သဘောတူညီချက်" ကို လက်မှတ်ရေးထိုးခဲ့ကြပြီး မိမိတို့အနက် မည်သည့်တစ်နိုင်ငံကိုမဆို လက်နက်ကိုင် တိုက်ခိုက်လာပါက ကျန်နှစ်နိုင်ငံကိုပါ တိုက်ခိုက်ခြင်းဟု သတ်မှတ်မည်ဖြစ်ကြောင်း ကတိပြုခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ဟာ "စုပေါင်း တားဆီးကာကွယ်မှု" ကို အားကောင်းစေဖို့နဲ့ စစ်ဘက်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု၊ ကာကွယ်ရေး စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ဖို့ ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဖော်ပြထားပါတယ်။
အီရန်လွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီ အဖွဲ့ဝင်ဖြစ်သူ အီဘရာဟင် ရီဇာအီ ကတော့ ဒီသဘောတူညီချက် ကို ပယ်ချခဲ့ပြီး ရီယာဒ်ဟာ အကာအကွယ်ရဖို့အတွက် ပြင်ပအင်အားကြီးနိုင်ငံတွေကို မှီခိုနေရတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
"တူရကီ၊ ပါကစ္စတန်တို့နဲ့ ချုပ်ဆိုထားတဲ့ စာရွက်ပေါ်က သဘောတူညီချက်တစ်ခုဟာ အမေရိကန်တွေဆီက နှစ်ပေါင်းများစွာ တာဝန်ယူမှုမရှိဘဲ နို့စို့ခံခဲ့ရတာတွေလိုပဲ သူတို့အတွက် လုံခြုံရေး ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ဆော်ဒီတွေ သိထားသင့်ပါတယ်" လို့ သူက အိတ်စ်ဆိုရှယ်မီဒီယာ မှာ ရေးတင်ခဲ့ပါတယ်။ "အခြားသူတွေဆီမှာ လုံခြုံရေးအတွက် တောင်းပန်တောင်းခံနေစရာ မလိုအောင် ခင်ဗျားတို့ရဲ့ မူဝါဒတွေကို ပြောင်းလဲကြပါ" လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
ဒီသဘောတူညီချက် လက်မှတ်ရေးထိုးမှုဟာ အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေ အပူတပြင်း ရင်ဆိုင်နေရတယ်လို့ ဆော်ဒီအာရေးဗီးယားက ပြောဆိုနေချိန်မှာ ထွက်ပေါ်လာတာပါ။ အဲဒီစစ်ပွဲအတွင်းမှာ ဝါရှင်တန်ရဲ့ စစ်ဆင်ရေးကို ကူညီတယ်လို့ စွပ်စွဲပြီး တီဟီရန် (အီရန်) နဲ့ ပူးပေါင်းထားတဲ့ တပ်ဖွဲ့တွေဟာ ပင်လယ်ကွေ့ နိုင်ငံတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အီရန် ကျောထောက်နောက်ခံပြု အီရတ်နဲ့ ယီမင်နိုင်ငံတို့က လက်နက်ကိုင်အဖွဲ့တွေရဲ့ "ဟန်ချက်ညီ ပေါင်းစပ်တိုက်ခိုက်မှု အများအပြား" အတွက် ပြင်ဆင်နေရတယ်လို့ ဆော်ဒီ တာဝန်ရှိသူတစ်ဦးက ဒီသီးတင်းပတ်အတွင်း CNN သတင်းဌာန ကို ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဟူသီ အဖွဲ့တွေဟာ ဆော်ဒီ နယ်မြေနဲ့ သင်္ဘောလိုင်း ရေကြောင်းလမ်းကြောင်းတွေအပေါ် တိုက်ခိုက်မှုတွေကို ထပ်မံ အရှိန်မြှင့် ပြုလုပ်လာနေကြပါတယ်။
သဘောတူညီချက်အသစ်အရ ဆော်ဒီအာရေးဗီးယားအပေါ် ကြီးမားတဲ့ တိုက်ခိုက်မှုတစ်စုံတစ်ခု ဖြစ်ပွားခဲ့ရင် ပါကစ္စတန်နဲ့ တူရကီတို့ပါ စစ်ပွဲအတွင်း ပါဝင်လာနိုင်ပြီး၊ အရင်က နှစ်နိုင်ငံစလုံး တတ်နိုင်သမျှ ရှောင်လွှဲခဲ့ကြတဲ့ စစ်ပွဲကို ပိုမိုကျယ်ပြန့်သွားစေနိုင်ပါတယ်။ ဒါပေမဲ့ ပူးတွဲထုတ်ပြန်ချက်မှာတော့ နိုင်ငံတစ်နိုင်ငံချင်းစီက ဘယ်လို အကူအညီမျိုး ပံ့ပိုးပေးရမယ်ဆိုတာကို အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။
ဆော်ဒီအာရေးဗီးယားရဲ့ အဓိက ရေနံထုတ်လုပ်နိုင်မှုနဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှု၊ ပါကစ္စတန်ရဲ့ ကြီးမားတဲ့ စစ်အင်အားနဲ့ နျူကလီးယား လက်နက်တိုက်၊ တူရကီရဲ့ နေတိုး အဖွဲ့ဝင်ဖြစ်မှုနဲ့ နေတိုးအဖွဲ့ထဲမှာ ဒုတိယအကြီးဆုံး စစ်တပ်ရှိမှုတို့ကြောင့် ဒီစာချုပ်အသစ်ဟာ "အစ္စလာမ်မစ်နေတိုး” တစ်ခု ထွက်ပေါ်လာနိုင်ခြေအပေါ် ခန့်မှန်းပြောဆိုမှုတွေကို ပြန်လည်မြင့်တက်လာစေခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment