နေပြည်တော်၊ ဩဂုတ် ၂၀
ဒေသအခြေပြုတန်ဖိုးမြှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ ပိုမိုအောင်မြင်ဖြစ်ထွန်းစေရေးအတွက် MSMEs ချေးငွေအပါအဝင် လိုအပ်သည်များကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်မှုနှင့် MSMEs လုပ်ငန်းရှင်များအနေဖြင့် MSMEs ချေးငွေများနှင့်ပတ်သက်၍ ပိုမို ထိရောက်အကျိုးရှိအောင် ဆောင်ရွက်ရန်နှင့် လုပ်ငန်းအလိုက် တွေ့ကြုံနေရသည့် အခက်အခဲများရှိပါက ရင်းနှီးပွင့်လင်းစွာဆွေးနွေးရန် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် MSMEs အပါအဝင် ဒေသခံပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
တွေ့ဆုံပွဲကို ယမန်နေ့ကက ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ ကျင်းပခဲ့ပြီး ဒေသခံလုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ တောင်ငူမြို့ရှိ ဒေသတစ်ခု ထုတ်ကုန်တစ်ခု(OROP) လုပ်ငန်းများဖြစ်သည့် မုန့်ဖက်ခြောက်၊ ဆန်စက်၊ ဆီစက်နှင့် ဝါးတူလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်သည်အထိ တိုးချဲ့ဆောင်ရွက်ရန် မှာကြားသည်။
အလားတူ ၁၈-၈-၂၀၂၆ရက်နေ့က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မိတ္ထီလာခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ ဒေသခံဝါလုပ်ငန်းရှင်များ၊ MSMEs လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဝါထုတ်လုပ်မှုကွင်းဆက် တစ်လျှောက် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီး ပြည်တွင်းအဝတ်အထည်ကဏ္ဍ ဖူလုံစေရေးနှင့် ပြည်ပမှ ချည်များတင်သွင်းနေရမှုကို လျှော့ချနိုင်ရေးအပြင် ကြိတ်ခွဲခြင်းမှ ထွက်ရှိလာသည့် ဝါစေ့များကို ဆီထုတ်လုပ်ပြီး ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို တစ်တပ်တစ်အား ဖြည့်ဆည်း ပေးနိုင်ရေးမြှင့်တင်ဆောင်ရွက်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဒေသထွက်ကုန်ကြမ်းအခြေပြု MSMEs များနှင့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်က ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားကာ မိတ္ထီလာစက်မှုဇုန်ရှိ ဝါကြိတ်စက်၊ ဝါစက်ရုံများ၊ အထည်ချုပ်စက်ရုံနှင့် အထည်ချုပ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
အလားတူ ရမည်းသင်း ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၌ ရမည်းသင်းခရိုင် အတွင်းရှိ MSMEs လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ အခက်အခဲများ၊ လိုအပ်ချက်များ၊ ချေးငွေဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment