ရုရှား-ယူကရိန်း တွေ့ဆုံဆွေးနွေးရန် သဘောတူ၊ ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်ဟု ရုရှား ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား-ယူကရိန်း တွေ့ဆုံဆွေးနွေးရန် သဘောတူ၊ ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်ဟု ရုရှား ဆို


ပေကျင်း၊ ဖေဖော်ဝါရီ ၂၈

ယူကရိန်းနှင့်ရုရှား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ တွင် ရုရှား၌လိုအပ်သည့်အရင်းအမြစ်များပိုင်ဆိုင်ပြီး ဘဏ္ဍာရေးတည်ငြိမ်အောင်၊ ဘဏ္ဍာရေးကဏ္ဍလုပ်ငန်းများ လည်ပတ်မှု အာမခံရှိစေအောင် ဆောင်ရွက်၍ ရကြောင်း ဆိုသည်။

- ယူကရိန်းမှ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲကို Pripyatမြစ်အနီး ဘီလာရုဇ်နှင့်ယူကရိန်းနယ်စပ်ဒေသတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ယူကရိန်း သမ္မတရုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရုရှား သမ္မတရုံး ပြန်ကြားရေးအတွင်းရေးမှူး Dmitry Peskovက ယူကရိန်းဘက်က ဘီလာရုဇ်နိုင်ငံ Gomelပြည်နယ်တွင် တွေ့ဆုံဆွေးနွေးရန် သဘောတူပါက ထို့အတွက် ရုရှားက အသင့်ပြင်ထားပြီးဖြစ်ကြောင်း ယင်းနေ့အစောပိုင်းတွင် မီဒီယာများကို ပြောကြားခဲ့သည်။

- ရုရှားဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ရုရှား၌ လိုအပ်သည့်အရင်းအမြစ်များ ပိုင်ဆိုင်ပြီး ဘဏ္ဍာရေးတည်ငြိမ်အောင်၊ ဘဏ္ဍာရေးကဏ္ဍလုပ်ငန်းများ လည်ပတ်မှု အာမခံရှိစေအောင် ဆောင်ရွက်၍ ရကြောင်း ဆိုသည်။ ရုရှားဘက်က ဘဏ်အသီးသီး၏ရူဘယ်ငွေသားနှင့်ငွေသားမဟုတ်သော စီးဆင်းမှုကို အာမခံမည် ဖြစ်ကြောင်း၊ ရုရှားဘဏ်စနစ် တည်ငြိမ်ပြီး လုံလောက်သည့်အရင်းအနှီးနှင့်စီးဆင်းမှုရှိရာ ပြည်တွင်း ဘဏ်အားလုံးလက်ရှိတွင် ပုံမှန် လည်ပတ်နေကြောင်း ၊ ထို့အပြင် ပြည်တွင်း ဘဏ္ဍာရေးအချက်အလက်ပေးပို့သည့်စနစ်(SPFS)ကို အသုံးပြုပြီး သက်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

- ရုရှားစစ်တပ် မဟာဗျူဟာ ဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားဖြင့် တပ်လှန့်ထားရန် ရုရှား သမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်တွင် အမိန့်ချခဲ့ကြောင်း ကရင်မလင်နန်းတော် ဝဘ်ဆိုက် သတင်းများအရ သိရသည်။ 

ပူတင်က ယင်းနေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu  ၊ စစ်ဦးစီးချုပ် Valery Gerasimov တို့နှင့် တွေ့ဆုံခဲ့ပြီး” “အဓိက နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ အဆင့်မြင့်အရာရှိတွေ ဟာ ကျွန်ုပ်တို့နိုင်ငံကို ကျူးကျော်လိုတဲ့ ပြောကြားမှုတွေကြောင့် ရုရှားစစ်တပ်ရှိဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် တပ်လှန့်ထားဖို့ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဦးစီးချုပ်ကို အမိန့်ပေးတာ ဖြစ်တယ်”ဟု ပြောကြားခဲ့သည်။

- ယူကရိန်းတပ်များက ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းတွင် ကိဗ်မြို့အတွင်း ရှိ“ရန်သူအဖွဲ့”နှင့် အပြန်အလှန် ပစ်ခတ်မှု ကြိမ်ဖန်များစွာ ရှိခဲ့ကြောင်း ယူကရိန်း မြို့တော်ကိဗ်၏ ပထမ ဒု-မြို့တော်ဝန်က Mykola Povoroznykက ဖေဖော်ဝါရီ ၂၇ ရက် လူမှုကွန်ရက် မီဒီယာတွင် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ  ၂၇ ရက် နံနက်ပိုင်း ကိဗ်မြို့၏အခြေအနေ တည်ငြိမ်ခဲ့ပြီး ယူကရိန်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝရှိနေကြာင်းဆိုသည်။ 

အခြားသတင်းဖော်ပြချက်များအရ ကိဗ်မြို့ ရှိ ရေဒီယို သတ္တိကြွ စွန့်ပစ်ပစ္စည်း စီမံရေးနေရာတစ်ခုသည် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် ရုရှား အမြောက်ကျည်ဆံထိမှန်ခဲ့ကြောင်း၊ ကနဦးသုံးသပ်ချက်များအရ အနီးရှိနေထိုင်သူများ၏ လုံခြုံရေးကို လတ်တလော အန္တရာယ်မဖြစ်စေကြောင်း သိရသည်။

- ဖေဖော်ဝါရီ ၂၆ ရက်အထိဆိုလျှင် ယူကရိန်းတပ်က ရုရှားဘက်က စစ်သား ၄,၃၀၀ ကျော်၊ စစ်လေယာဉ် ၂၇ စီး၊ ရဟတ်ယာဉ် ၂၆ စီး၊ မောင်းသူမဲ့ဒရုန်းယာဉ် ၂ စီး၊ တင့်ကား ၁၄၆ စီး၊ သံချပ်ကာယာဉ် ၇၀၆ စီးကို ရှင်းလင်းဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေး ဒုတိယဝန်ကြီး Hanna Maliar၏ ဖေဖော်ဝါရီ ၂၇ ရက် ပြောကြားချက်ကို ကိုးကား၍ ယူကရိန်းအမျိုးသားသတင်းအေဂျင်စီ(Ukrinform)က ဖော်ပြခဲ့သည်။

- လတ်ဗီးယား၊ လစ်သူယေးနီးယား၊ အက်စတိုးနီးယား၊ စလိုဗေးနီးယား နိုင်ငံများ၏”ချစ်ကြည်ရင်းနှီးမှုကင်းမဲ့သည့် ဆုံးဖြတ်ချက်”ကြောင့် ရုရှားသည် ယင်းနိုင်ငံများ၏ လေကြောင်းကုမ္ပဏီနှင့် ပြည်တွင်းတွင် မှတ်ပုံတင်ထားသည့် လေကြောင်းကုမ္ပဏီများ၏ လေယာဉ် ရုရှား သို့မဟုတ် ရုရှားနိုင်ငံသို့ ဖြတ်သန်းပျံသန်းမှုများကို ကန့်သတ်သွားမည် ဖြစ်သည်ဟု ရုရှား ဖက်ဒရေးရှင်း လေကြောင်းပို့ဆောင်ရေးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း ယနေ့ရုရှား(Rossiya Segodnya)သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

- ရက်ဆက် ယူကရိန်း စစ်မီးလောင်ကျွမ်းမှုများကြောင့် လူပေါင်း ၁၆၀,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲပြီး ၎င်းတို့အနက် နယ်စပ်ဖြတ်ကျော်၍ ဥရောပအိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ခိုလုံသူ ၁၁၆,၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး(OCHA)က ဖေဖော်ဝါရီ ၂၇ ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အကယ်၍ အခြေအနေထိန်းမနိုင် သိမ်းမရ ဖြစ်ပါက ယူကရိန်းဒုက္ခသည်အရေအတွက် ၅ သန်းကျော် ရှိလာနိုင်ကြောင်း ဆိုသည်။ ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်း ၄ နာရီမှ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၅ နာရီအထိ ပစ်ခတ်မှုများကြောင့် သေဆုံးဒဏ်ရာရသည့် အရပ်သား အနည်းဆုံး ၂၄၀ ရှိပြီး ၎င်းတို့အနက် သေဆုံးသူ အနည်းဆုံး ၆၄ ဦး ရှိကြောင်း ၊ စစ်ရေးလှုပ်ရှားမှုဒေသများတွင် လူပေါင်း သိန်းနှင့်ချီ ရေနှင့်လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပွားလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

-  ရုရှားသမ္မတ ပူတင်သည် ချိန်းဆိုချက်အရ ဖေဖော်ဝါရီ ၂၇ ရက်က အစ္စရေး ဝန်ကြီးချုပ် နာ့ဖ်တာလီ ဘန်းနက် နှင့် ဖုန်းဖြင့် ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော်ဝဘ်ဆိုက်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဆက်သွယ်ဆွေးနွေးရာတွင် ပူတင်က ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ရသည့် ဖြစ်စဉ်ကို ပြောကြားခဲ့ပြီး အစ္စရေးဘက်က စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရန် ကြိုးပမ်းညှိနှိုင်းပေးလိုကြောင်း ပြောကြားခဲ့သည်။

- ဘယ်လ်ဂျီယမ်နိုင်ငံက ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ယူရိုငွေ ၃ သန်း ပံ့ပိုးပေးမည် ဖြစ်ကြောင်း ဘယ်လ်ဂျီယမ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီး Meryame Kitirက ဖေဖော်ဝါရီ ၂၇ ရက် လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် ကြေညာခဲ့သည်။ စစ်ကြောင့် ထိခိုက်နစ်နာသူများနှင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသည့် လူဦးရေသည် နေ့စဉ်နှင့်အမျှတိုးလာရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဖိအားများ ပို၍ထပ်တိုးလာကြောင်း ၎င်းက ဆိုသည်။


 Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)