MNP - မတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းတွင် သင်တန်းတက်ရောက်လျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ အမျိုးသမီးငယ်များအား ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အသိပညာပေးဟောပြောခဲ့ကြ သည်။
အသိပညာပေး ဟောပြောရာတွင် လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြနေကြသည့် သတင်းအကြောင်းအရာများတွင် သတင်းအမှန်နှင့် သတင်းအမှား ခွဲခြားသိမြင်နိုင်ရေး အကြောင်းအရာများ၊ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေအကြောင်း အရာများ၊ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာအမျိုးမျိုး၊ အရိုးကျိုးခြင်းနှင့် မိုင်းအန္တရာယ်အကြောင်းကို ဌာနဆိုင်ရာများနှင့် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့က ဆွေးနွေးပို့ချခဲ့ကြ သည်။
ထို့အတူ လူကုန်ကူးမှုအန္တရာယ် တားဆီကာကွယ်ရေးအကြောင်း သိကောင်းစရာများ၊ မူးယစ် ဆေးဝါး၏ ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာများ၊ မီးဘေး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရန်နည်းလမ်းများ၊ ကိုဗစ်ရောဂါ ကာကွယ်ရေး နှင့် ကျန်းမာရေး အသိ/သတိရှိစေရေး အကြောင်းအရာများကို မတ်လ(၁၁)ရက်က ဌာနဆိုင်ရာ များက ဆွေးနွေးပို့ချခဲ့ကြသည်။
သင်တန်းသူ အမျိုးသမီးငယ်များအား သင်တန်းကာလ ရက်သတ္တ(၁၄)ပတ်တာကာလတွင် သင်ကြားပေးလျက်ရှိသည့် စက်ချုပ်ဘာသာရပ်၊ လက်မှုဘာသာရပ်၊ ဟင်းလျာချက်ပြုတ်နည်း ဘာသာရပ်နှင့် မုန့်လုပ်နည်း ဘာသာရပ်များအပြင် အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေပြီး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် အသိ ပညာပေးဟောပြောပွဲ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ခိုင်ထူး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment