MNP - မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ မြို့နယ်အတွင်း မီးဘေး လုံခြုံစေရေန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီခွဲက မြို့ပေါ် ရပ်ကွက် (၄)ရပ်ကွက်သို့ လှည့်လည်ကာ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့် အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို တာဝန်ခံမြို့နယ် မီးသတ်ဦးစီးမှူး ဦးဟန်ဇာကျော် ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့ပေါ်ရှိ ဒေသခံ ပြည်သူများ ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်နိုင်ရန် မီးဘေး လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သော နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး၊ မီးသတ်ဆေးဘူး အစရှိသည့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိရေး၊ မီးလောင်ကျွမ်းမှု ဖြစ်စေတတ်သော လောင်စာဆီများနှင့် လောင်စာများ သိုလှောင်ထားခြင်း မပြုရန် ၊ နေအိမ်တွင် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ် ဝါယာကြိုးများ ကောင်းမွန်ခြင်း ရှိ/မရှိ အခါအားလျော်စွာ စစ်ဆေးအသုံးပြုရန်၊ မီးသွေး/ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ထားရှိရန်၊ မီးလောင်မှု/မီးလန့်မှုများ ဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့အကူအညီ တောင်းခံကြရန် စသည့် မီးဘေးအန္တရာယ် သတိပြုလိုက်နာရမည့်အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့ စက်ယာဉ်ဖြင့် လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်း - ရဲဝင်းနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment