MNP ၊ မတ် ၁၂
ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူလယ်သမားများ စိုက်ပျိုးရေးအသိပညာများ တိုးပွားနိုင်ရန်တွက် တောင်သူပညာပေးစိုက်ပျိုးထားသော စစ်တွေမြို့နယ်၊ ဥယျာဉ်သာကျေးရွာ အုပ်စုရှိ တောင်သူပညာပေးမျိုးသန့်ခြံသို့ ရသေ့တောင်မြို့နယ်မှ တောင်သူလယ်သမားများသည် ယနေ့ ညနေပိုင်းက စားသုံးဆီဖူလုံစွာစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် လာမည့်ဆောင်းရာသီတွင် တိုးချဲ့စိုက်ပျိုး နိုင်ရေးအတွက် လာရောက်လေ့လာခဲ့ကြကြောင်းသိရသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ စံပြစိုက်ခင်းများ၊ မျိုးစေ့ထုတ်စိုက်ခင်းများ၊ သီးနှံအလိုက် ပညာပေး စံပြကွက်များပြသရာတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေစိုက်ပျိုးရေး သုတေသနစခန်း၊ လက်ထောက်သုတေသနအရာရှိ ဦးနိုင်မျိုးအောင်နှင့် စံပြကွက်ကြီးကြပ်ဝန်ထမ်းများ၊ သီးနှံတာဝန်ခံဝန်ထမ်းများက စံပြကွက်များတွင် စိုက်ပျိုးထားသော သီးနှံများအား စိုက်ပျိုးမှု၊ မျိုးစေ့ ထုတ်ယူနိုင်မှု၊ မျိုးစေ့ထုတ်လုပ်ပုံအဆင့်အဆင့်၊ မျိုးစေ့များအားသိုလှောင်ထားရှိရမည့် လုပ်ငန်း စဉ်များ ကိုသီးနှံအလိုက်၊ စိုက်ကွင်းများသို့ လိုက်လံရှင်းလင်းပြသကြသည်။ ထိုသို့ပြသစဉ် လာရောက် လေ့လာ ကြသောတောင်သူများက စားသုံးဆီဖူလုံစွာစိုက်ပျိုးထုတ်လုပ်ရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ စားသုံးဆီထွက်ရှိနိုင်မည့် အခြေအနေများ၊ မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်သုံးစွဲမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်ကြရာ စံပြကွက်ကြီးကြပ်ဝန်ထမ်းများ၊ သီးနှံတာဝန်ခံ ဝန်ထမ်းများက တောင်သူများ၏ မေးမြန်းချက်များအပေါ် ပြန်လည် ဖြေကြားကြသည်။
စားသုံးဆီဖူစွာစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် လာမည့်ဆောင်သီးနှံရာသီတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက်လာရောက် လေ့လာသော ရသေ့တောင်မြို့နယ်၊ ပိတောက်မြိုင်ကျေးရွာမှ တောင်သူ ဦးလှထွန်းက “ကျွန်တော်တို့မှာတော့ လက်ရှိမိသားစု စားသုံးဖို့အတွက်ပေါ့ မြေပဲနဲ့ပဲလွမ်း တွေစိုက်ပျိုး ထားပါတယ်၊ ဒီသီးနှံတွေက ထွန်ယက်စိုက်ပျိုးလိုက်ရင်ရပြီ၊ ရေနည်းနည်းပေးရတယ်၊ မြေဆီ၊ မြေဩဇာတွေလည့် သိပ်ပြီးတော့ပေးစရာလည်း မလိုဘူးဆိုတော့ စိုက်ရတာလည်းအဆင်ပြေပါတယ်၊ ဒါကြောင့် လာမဲ့ဆောင်သီးနှံရာသီမှာ တိုးချဲ့စိုက်ပျိုးနိုင်ဖို့ လာရောက်လေ့လာတာဖြစ်ပါတယ်၊ ကျွန်တော်တို့က မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်နေကြတဲ့သူတွေဆိုတော့ ပုံမှန်ရိုးရာအတိုင်း စိုက်ပျိုးကြတာပေါ့၊ ဒီကိုလာရောက်လေ့လာတဲ့အခါမှာ စိုက်ပျိုးရေးပညာရှင်တွေက သူတို့ရဲ့ စိုက်ပျိုး ရေးနည်းစနစ်တွေကိုရှင်းပြတော့ ကျွန်တော်တို့အတွက် အသိပညာဗဟုသုတ တွေရတာပေါ့၊ ဒီကရရှိတဲ့အသိပညာတွေနဲ့ ကျွန်တော်တို့ စိုက်ပျိုးနေတာတွေနဲ့ပေါင်းပြီးတော့ စိုက်ပျိုးလိုက်ရင်တော့ အထွက်နှုန်းလည်းတိုးလာလိမ့်မယ်လို့ မျှောင်လင့်မိပါတယ်”ဟု ပြောသည်။
စစ်တွေမြို့နယ် မျိုးသန့်ခြံ၌ ပြုလုပ်သော စံပြစိုက်ခင်းများ၊ မျိုးစေ့ထုတ်စိုက်ခင်းများသို့ ရသေ့တောင်မြို့နယ်၊ မယူကမ်းရှိကျေးရွာများမှ တောင်သူများနှင့် မူစဲကျွန်းမှတောင်သူများ လာရောက် လေ့လာခဲ့ကြပြီး မျိုးသန့်ခြံတွင် သီးထပ်သီးနှံအဖြစ် နေကြာ၊ မတ်ပဲ၊ မြေပဲ၊ နှမ်း၊ ဆီမုံညှင်း၊ စားတော်ပဲ၊ ကုလားပဲ၊ ပဲရာဇာ၊ ပဲတီစိမ်း၊ ဆူးပန်း၊ ပန်းနှမ်း၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်နီမျိုးစေ့ထုတ် စိုက်ခင်းနှင့် ပိုက်ဆံလျှော်တို့ကို စံပြစိုက်ခင်း အဖြစ်စိုက် ပျိုးထားကြောင်းသိရသည်။
သတင်း - တင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment