အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္ထအစည်းအဝေး ပထမနေ့ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္ထအစည်းအဝေး ပထမနေ့ကျင်းပ





MNP ၊  မတ်  ၁၂

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္ထအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။


အစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သာသနာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။


အစည်းအဝေး၏ သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ က သဘာပတိ အဖြစ်ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မာစာရ က ဆောင်ရွက်သည်။


ယင်းနောက် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး ၈၆ ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။


ထို့နောက် ဖြန့်ဝေဆက်ကပ်ထားသည့် အစီအစဉ်တွင်ပါရှိသည့်အတိုင်း အစည်းအဝေး ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ခဲ့သည့် ဝိနိစ္ဆယရေးရာအစီရင်ခံစာကို အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ပညာသီဟာဘိဝံသ ကလည်းကောင်း၊ သာသနာရေးရာ အစီရင်ခံစာကို မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တထေရိယ ကလည်းကောင်း၊ ပညာရေးရာအစီရင်ခံစာကို အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝံသ ကလည်းကောင်း ဝေဖန်ဆွေးနွေး လျှောက်ထားတော်မူသည်။


ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာအပေါ် ဝေဖန်ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ တွဲဖက်အကျိုး တော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဌိလ က ရှင်းလင်းပြန်ကြားပြီး အတည်ပြုချက်ရယူကာ နံနက်ပိုင်းအစည်းအဝေးကို ရပ်နားသည်။


မွန်းလွဲ ၁ နာရီတွင် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်း ကြေညာ၍ အစည်းအဝေးကိုဆက်လက်ကျင်းပသည်။


ယင်းနောက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အဋ္ဌမအကြိမ် ပထမ(၃)နှစ်သက်တမ်းတွင် အနားယူသွားကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ အမည်စာရင်းကို တင်သွင်းလျှောက်ထားသည်။


ဆက်လက်၍ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူခြင်းဆိုင်ရာလုပ်ငန်းစီမံချက်အရ အနားယူသောနေရာများ၌ အခြေခံစည်းမျဉ်းသစ်အရ အစားထိုးရွေးချယ်ခံရသည့် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကဆရာတော်များ၏ အမည်စာရင်းကို အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ က တင်သွင်းလျှောက် ထားပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ က အတည်ပြုချက်ရယူသည်။


ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဒုတိယဥက္ကဋ္ဌဆရာတော်များနှင့် တွဲဖက်အကျိုးတော်ဆောင်ဆရာတော်များ၏ အမည်စာရင်းကို ဥက္ကဋ္ဌဆရာတော်ကြီးက ဖတ်ကြားတင်သွင်းလျှောက်ထား၍ သံဃဆန္ဒရယူကာ အတည်ပြုချက်ရယူပြီး အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္ထအစည်းအဝေး ပထမနေ့ အစည်းအဝေးအစီအစဉ် ရပ်နားသည်။


ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများကို မိခင်ကြီး ဒေါ်တင်ဝင်းရီအား အမှူးထား၍ (ဦးမောင်မောင်ဆွေတင်)ဇနီး ဒေါက်တာ ဒေါ်မြသီတာ (သီဟသုဓမ္မသိင်္ဂီ)သမီး အမရာဆွေတင်၊ ကိုထက်မြက်ဦး + အိန္ဒြေမဒီဆွေတင်၊ သား လင်းမောင်မောင် ဆွေတင်နှင့် လင်းညီညီဆွေတင် မိသားစု(SI)ကုမ္ပဏီ အမှတ် - ၃၃၊ ဗိုလ်ရာညွန့်လမ်း၊ ဒဂုံမြို့နယ်က တစ်နေ့တာဆွမ်းဆက်ကပ်လှူဒါန်းကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)