MNP - မတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့ ညနေ(၃)နာရီက ကောင်းမှုတန် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူး ဦးလှအေးက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်ထားကြရန်နှင့် အသုံးဝင် အကျိုးရှိပုံတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်က ခရီးသွားလာမှု၊ တည်းခိုနေထိုင်မှုတို့တွင် တရားဝင်ထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ စစ်ဆေးသွားမည်ဖြစ်ပါကြောင်းနှင့် လက်ဝယ် မရှိသေးသူများ မြို့နယ်ဦးစီးမှူးရုံးသို့ လာရောက်လျှောက်ထားကြရန် ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်၍ ခရိုင်လူဝင်မှူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးလှအေးနှင့် မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးကိုကိုနိုင်တို့က ကောင်းမှုတန်ကျေးရွာ အုပ်စု၊ ကောင်းမှုတန်ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော အိမ်ထောင်စုလူဦးရေစာရင်း (၁၇)စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၂)ကတ်တို့အား ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - မြင့်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment