MNP - မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ရှိ ရေပေါ်လေးကျေးရွာနှင့် ရေပေါ်ကြီးကျေးရွာ၌ လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနက ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က ကျေးရွာအရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ ဝင်များနှင့် ကျေးရွာကော်မတီဝင်များက ရေပေါ်လေးကျေးရွာနှင့် ရေပေါ်ကြီးကျေးရွာတို့တွင် လေပြင်း တိုက်ခတ်ခဲ့ပါက ဘေးဒဏ်ခံရနိုင်သည့် အိမ်များကို ကွင်းဆင်းစိစစ်ရွေးချယ် စာရင်းကောက်ယူကာ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည့် အမိုး၊ အကာစသည်ဖြင့် ကဏ္ဍအလိုက်သုံးဆွဲမည့် ပစ္စည်းများ ဝယ်ယူပြီး ပြင်ဆင်ဆောင်ရွက်နိုင်စေရန် တစ်ရွာကို အိမ်ခြေအလုံး(၅၀)၊ ထောက်ပံ့ငွေကျပ် (၁၅)သိန်း နှုန်းဖြင့် နှစ်ရွာပေါင်း အိမ်ခြေအလုံး (၁၀၀)အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် သိန်း(၃၀)ကို ကျေးရွာ ကော်မတီဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းက ရှင်းပြသည်။
“နှစ်ရွာပေါင်း အိမ်ခြေအလုံး(၁၀၀)အတွက် ပြင်ဆင်စရိတ်ရရှိလာတဲ့ ထောက်ပံ့ငွေတွေကို ရွာမှာရှိတဲ့ ကျေးရွာကော်မတီဝင်တွေက ပြင်ဆင်ဖို့လိုအပ်တဲ့ ဝါး၊ ထရံ၊ သက်ကယ်၊ ခေါင်အုပ်သွပ်၊ အမိုး၊ အကာ စတဲ့ ပစ္စည်းတွေကိုဝယ်ယူပြီး စာရင်းကောက်ယူထားတဲ့အိမ်တွေကို ယခုလ ၁၇ ရက်နေ့မှာ အပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု ရေပေါ်လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောသည်။
ရေပေါ်လေးကျေးရွာနှင့် ရေပေါ်ကြီးကျေးရွာသည် အိမ်ခြေပေါင်း (၅၈၀)ကျော်ရှိပြီး မင်းဘူး(စကု) မြို့နယ်၌ ၂၀၂၁ ခုနှစ်အတွင်း လေဘေးဒဏ်သင့်ခံရမှု အများဆုံးဖြစ်သော ကျေးရွာနှစ်ရွာဖြစ်ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
သတင်း - မောင်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment