ဘိုကလေးမြို့မှ NLD အကြမ်းဖက်သမားများသို့ မေတ္တာရပ်ခံချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့မှ NLD အကြမ်းဖက်သမားများသို့ မေတ္တာရပ်ခံချက်


ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့ဆိုတာ ကျွန်တော့်ရဲ့ ဇာတိမြို့လည်း ဖြစ်ပါတယ်။ ဘိုကလေးမြို့မှာ NLD နီပိန်း အားကောင်းတာကိုလည်း ကျွန်တော်သိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သက်တမ်း တစ်နှစ်မပြည့်မီက ဘိုကလေးမြို့မှာ ကိုချစ်စမ်းမောင် ဆိုသူကို NLD အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်သတ်သွားတယ်။ အခုထိ တရားခံလည်း မပေါ်ပါဘူး။ ဖော်ထုတ် ဖမ်းဆီး အရေးယူပေးတာလည်း မရှိပါဘူး။ သေဆုံးသွားသူ မိသားစုဝင်တွေအတွက် တရားမျှတမှု ဘာမှ မရပါဘူး။ ဒါကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အပိုင်းဖြစ်လို့ ကျွန်တော်တို့ ဘာတတ်နိုင်မှာလဲဗျာ။


နောက်တစ်ခါ ၉-၃-၂၀၂၂ ရက်နေ့က ဈေးသည်အကိုတစ်ယောက်ကို အခုလိုပဲ သေနတ်နဲ့ ပစ်ပြီး လုပ်ကြံသတ်ဖြတ်ဖို့ လာပါသေးတယ်။ ဈေးဝယ်ပြီး ငွေရှင်းမယ်အလုပ်မှာ အိတ်ထဲက သေနတ်ထုတ်ပြီး ပစ်ပြေးတာပါ။ ဈေးသည်အကိုက ရှောင်တိမ်းလိုက်နိုင်လို့ အသက်ဘေးအန္တရာယ်က လွတ်မြောက်ခဲ့ရတယ်။


ကျွန်တော်တို့ ဇာတိ ဘိုကလေးမြို့က NLD နီပိန်း အစွန်းရောက်များကို အနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်။ အခု ခင်ဗျားတို့ ကိုချစ်စမ်းမောင် ကို သတ်လိုက်ကြတယ်။ ခင်ဗျားတို့ ဒီမိုကရေစီ အရေးတော်ပုံကြီး အောင်မြင်သွားလား။ ကိုချစ်စမ်းမောင်က ခင်ဗျားတို့ရဲ့ ဒီမိုကရေစီအရေးတော်ပုံကို သူ့ရဲ့ အခွင့်အရေးအရ အားမပေးဘူးဗျာ။ နေခွင့်မရှိဘူးလား။ ဒီမိုကရေစီအရ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် မရှိဘူးလား။ အခု ကိုချစ်စမ်းမောင် သေဆုံးရတယ်။ မိသားစု ဒုက္ခရောက်တယ်။ ခင်ဗျားတို့ နီပိန်း အကြမ်းဖက်သမား အနေနဲ့ရော မိမိကျူးလွန်မိတဲ့ အပြစ်အတွက် ကိုယ့်လိပ်ပြာ လုံရဲ့လား။ 

NLD အာဏာလက်မဲ့ ဖြစ်ပြီးကတည်းက NLD ဦးဆောင်သူတွေက သပိတ်စုံ သူပုန်ထဖို့ လှုံ့ဆော်တယ်။ ခင်ဗျားတို့ NLD ထောက်ခံသူတွေက သူတို့ ဝါဒဖြန့်လှုံ့ဆော်သမျှကို ယုံကြည်ပြီး လက်နက်စွဲကိုင် တော်လှန်သည်အထိ လုပ်လာကြတယ်။ အခုဆိုရင်ပဲ ခင်ဗျားတို့ NLD ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ PDF က အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၂၂၀၀ ကျော်အထိ သတ်ဖြတ်ပြီးသွားပြီ။ တော်လှန်ရေး အောင်မြင်ပြီလား။ လူအချင်းချင်း သတ်ဖြတ်တာတော့ ဟုတ်ပါပြီ။ ဘာမှ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ သံဃာတော်တွေ၊ ဆရာမတွေ၊ ကလေးငယ်တွေ ပါ သတ်နေတာတော့ မှားနေပြီလို့ ခင်ဗျားတို့ မစဉ်းစားမိကြဘူးလား။ လူလိုတွေးနိုင်စေဖို့ အကြံပြုခြင်းဖြစ်ပါတယ်။

မဲလိမ် မဲခိုးမှုတွေ ကျူးလွန်လို့ NLD ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ ကို ချိုးဖောက်ရာရောက်တဲ့အတွက် ၄၁၈ အရ တပ်မတော်က အာဏာကို လွှဲပြောင်းရယူလိုက်ရပါတယ်လို့ ကြေညာတယ်။ အဲဒါ ဘိုကလေးမြို့က အပ်ချုပ်ဆိုင် လုပ်နေတဲ့ ကိုချစ်စမ်းမောင်နဲ့ ဘာများဆိုင်လို့လဲ။ သစ်သီးရောင်းနေတဲ့ အကိုနဲ့ ဘာဆိုင်လို့ သတ်ဖို့ ကြိုးစားရတာလဲ။

တပ်မတော်က ခင်ဗျားတို့ ယုံကြည်ထောက်ခံတဲ့ NLD ခေါင်းဆောင်တွေကို သတ်ဖြတ်ပြီး အာဏာယူသွားတာလည်း မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ ငြိမ်းချမ်းရေးမိခင်ကြီးလည်း သက်ရှိထင်ရှား ရှိပါသေးတယ်။ 

ဒီမိုကရေစီလို့ အော်ပြီး ဒီမိုကရေစီမဆန်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေခြင်းဟာ ခင်ဗျားတို့ NLD များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ ကို ထပ်မံချိုးဖောက် ကျူးလွန်ရာရောက်တဲ့ လုပ်ရပ်တွေပဲ ဖြစ်စေပါတယ်။ ဒါကိုလည်း စဉ်းစားမိကြဖို့ ကောင်းပါတယ်။

အဓိကအားဖြင့် ကိုယ့်ရပ်သူ ရွာသားအချင်းချင်းဗျာ ခင်ဗျားတို့ သတ်နိုင်လို့ NLD ကို မထောက်ခံတဲ့ အခြားပါတီအဖွဲ့အစည်းအဝင်တွေကို သတ်၊ (၁၀၀)သတ်ပြီးရင် ခင်ဗျားတို့ ဒီမိုကရေစီ အရေးတော်ပုံ အောင်မှာလား။ (၁၀၀၀) သတ်ပြီးရင် အောင်ပွဲမှာလား။ အခု အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ ဆရာ/ဆရာမ၊ ကျန်းမာရေးဝန်ထမ်း၊ ကလေးငယ် (၂၂၀၀)အထိ သတ်ပြီး သွားပြီ။ အော်ပွဲခံလို့ ရပြီလား။ နှစ်သောင်း၊ နှစ်သိန်း သတ်ပြီးရင်ရော အောင်ပွဲခံနိုင်မှာလား။ စဉ်းစားကြပါအုံး။

ခင်ဗျားတို့သည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ပြစ်မှတ်ထားပြီး ယုတ်မာရက်စက်စွာ လုပ်ကြံသတ်ဖြတ်နေသမျှ အကြမ်းဖက်သမားများအဖြစ်သာ သမိုင်းမှတ်တမ်း တွင်မှာ မဟုတ်ပါလား။ ငါတို့ ယုံကြည်ထောက်ခံသော ပါတီကြီးသည် မြန်မာ့သမိုင်းမှာ အဆိုးရွာဆုံး မဲလိမ်မဲခိုးမှု နိုင်ငံရေးအမဲကွက်ကြီး ထင်ခဲ့ပြီ။ ငါတို့တွေအနေနဲ့ ထပ်မံပြီးတော့ အခုလို ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်နေကြမယ်ဆိုရင် သမိုင်းကောင်းဆိုတာ ဘယ်မှာ ကျန်နိုင်ပါတော့မလဲ။

ဒီမိုကရေစီနဲ့ အကြမ်းဖက်လမ်းစဉ်းဟာ အပ်စပ်တဲ့ အရာမဟုတ်ပါဘူး။ ဒီမိုကရေစီအရေးတော်ပုံလို့ ခေါင်းစဉ်တပ်ပြီး ပြည်သူတွေကို လိုက်လံလုပ်ကြံသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေဟာလည်း ဒီမိုကရေစီအရေခြုံတွေရဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ ဒီမိုကရေစီသဘောသဘာဝအရ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို လက်မခံနိုင်ဘဲ ငါနဲ့ မတူ ငါ့ရန်သူလို သဘောထားပြီး လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေသမျှ ကာလပတ်လုံး ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်မှာ မဟုတ်ဘူးဆိုတာကို အထူးသတိပြုပါ။ 

ဘိုကလေးမြို့မှာ NLD နီပိန်း အကြမ်းဖက်ဝါဒီများ အနေနဲ့ ကိုယ့်မြို့သူ၊ မြို့သားအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်တော့မယ်ဆိုရင် ဒီအချက်လေးတွေ ထည့်သွင်းစဉ်းစားကြည့်ပါ။ သမိုင်းကောင်း ကျန်မယ့် လုပ်ရပ်တွေကို လုပ်ဆောင်ကြပါ။ သမိုင်းဆိုးတွင်မယ့် လုပ်ရပ်တွေကို ဆင်ခြင်ကြပါ။

NLD နီပိန်း မဟုတ်သော ဘိုကလေးမြို့သူ၊ မြို့သား၊ ရွာသူ၊ ရွာသားများကိုလည်း အထူး သတိရှိစေချင်ပါတယ်။ NLD နီပိန်း အကြမ်းဖက်သမားများဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၂၂၀၀ ကျော်အထိ သတ်ဖြတ်ခဲ့ကြပြီးပြီ။ လူတွေရဲ့ အတွင်းစိတ်၊ အမုန်းရန်ညှိုး၊ အာဃာတဆိုတာ မြင်နိုင်တဲ့အရာမဟုတ်ဘူး။ တခြားနယ်က အကြမ်းဖက်သမားကို ဖိတ်ခေါ်ပြီး ကိုယ့်မြို့သူ၊မြို့သား အချင်းချင်း လုပ်ကြံသတ်ဖြတ်ခိုင်းတာမျိုးလည်း ဖြစ်နိုင်တယ်။ အားလုံး သတိရှိရှိနဲ့ အကြမ်းဖက်အန္တရာယ်က ကင်းဝေးအောင် ပူးပေါင်းကြိုးပမ်းကြပါလို့ သတိပေးတိုက်တွန်းလိုပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)