MNP - ဧပြီ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံသားတိုင်း မှတ်ပုံတင်ကိုင်ဆောင်နိုင်ရေးအတွက် အသိပညာပေး ဆိုင်ဘုတ်အား ယမန်နေ့ညနေပိုင်းက ကော့သောင်းမြို့၏အချက်အခြာနေရာနှင့် မြို့အဝင်ဂိတ်နေရာများ၌ စိုက်ထူခဲ့ကြောင်းသိရသည်။
အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းအား မြို့နယ်လဝကဦးစီးမှူး ဦးမြတ်ဇော်မင်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး အဆိုပါအသိပညာပေးဆိုင်းဘုတ်တွင် ပြည်သူများအနေဖြင့် မြို့နယ်ပြင်ပသို့ ထွက်ခွာရာတွင် လဝကမှထုတ်ပေးထားသည့် နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသားကတ်၊ နိုင်ငံသားပြုခွင့် ကတ်နှင့် အမျိုးသားမှတ်ပုံတင်(သုံးခေါက်ချိုး)တို့ကို မိမိနှင့်တပါတည်းယူဆောင်သွားကြရန်၊ တည်းခို နေထိုင်ရာ နေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်း များတွင်လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် မှတ်ပုံတင်အား ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရှိ/မရှိ စစ်ဆေးနေခြင်းသာဖြစ်ကြောင်း၊ မှတ်ပုံတင်မရှိပါက မိမိနေရပ်သို့ ပြန်လည်ရောက်ရှိသည့်အခါ လျှောက်ထားနိုင်ရေးအတွက် အကူအညီပေးရန် နေရပ်လိပ်စာ၊ ကိုယ်ရေးအချက်အလက်အမှန်အားပေးကြပါရန် မိဘပြည်သူများသို့ အသိပေးကြေညာခြင်းဖြစ်ကြောင်း သိရသည်။
အသက် (၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်းများအား နိုင်ငံတစ်ဝှမ်းလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်၍ နိုင်ငံသားကတ် (မှတ်ပုံတင်)အစား ထောက်ခံစာများအားပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံ ခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ကြောင်းလည်း သိရှိရသည်။
သတင်း - ကျော်စို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment