MNP - ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ တိုင်းခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလာသောအဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ကြို့ပင်ကောက်မြို့၊ ပြည်သူ့ဆေးရုံတွင်တက်ရောက်၍ ဆေးဝါးကုသမှုခံယူနေသော ရက်သားအရွယ်သုံးမွှာပူးကလေးငယ်များအား ကြည့်ရှု၍ ထောက်ပံ့ငွေ(၉)သိန်းကျပ်အား ပေးအပ်ခဲ့ကြောင်းသိရသည်။
ကျွန်းကုန်းကျေးရွာမှ ဦးချစ်စန်းကိုနှင့်ဒေါ်ဝင်းဝင်းအေးတို့မှ ဇွန်လ ၁၁ ရက်နေ့က အဆိုပါကျေးရွာတွင် သုံးမွှာပူးမိန်းကလေးသုံးဦးမွေးဖွားခဲ့ပြီး မိခင်မှာသေဆုံးသွားခဲ့ကြောင်း၊ အဆိုပါကလေးငယ်များမှာ မြို့နယ်ပြည်သူ့ဆေးရုံသို့တက်ရောက်၍ ဆေးဝါးကုသမှုခံယူနေကြောင်း၊ ဦးချစ်စန်းကိုမိသားစုမှာ ငွေကြေးချို့တဲ့မှုကြောင့် အဆိုပါသုံးမွှာပူးကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနသို့ ယာယီပို့ဆောင်၍ ပြုစုပျိုးထောင်သွားမည်ဖြစ်ကြောင်း ဦးချစ်စန်းကိုနှင့် ငါးနှစ်အရွယ်သမီးမိန်းကလေးတို့အား အလုပ်အကိုင်ရရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတွင် ဝန်ထမ်းတစ်နေရာရရှိရန် ဝန်ကြီးချုပ်မှဆောင်ရွက်ပေးခဲ့ရာ မြို့နယ်ရေပေးဝေရေးစက်ရုံတွင် ဝန်ထမ်းအဖြစ်ခန့်အပ်ပေးရန် စီစဉ်ထားကြောင်း သုံးမွှာပူးကလေးငယ်များအား စေတနာရှင်အလှူရှင်များက ထောက်ပံ့ပေးအပ်ထားသော ငွေကျပ်သိန်းလေးဆယ်ခန့်အား မြန်မာ့စီပွားရေးဘဏ်တွင် အပ်နှံထိန်းသိမ်းသွားပြီး ကလေးငယ်များ၏နောင်ရေးအတွက် သုံးစွဲသွားရန်စီစဉ်ထားကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇင်မင်းဌေးထံမှ သိရသည်။
သတင်း - ဇေယျာထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment