နီနီ ရဲရဲ ပြဲပြဲ ကြီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နီနီ ရဲရဲ ပြဲပြဲ ကြီး


မေးခွန်းမထုတ်လိုပေမယ့်လည်း မေးခွန်းထုတ်ရမယ့် အချိန်ကို ရောက်လာပါပြီ။ NLD အစွန်းရောက်တွေ ဆူပူအကြမ်းဖက်မှုတွေ လုပ်ဆောင်လာပါပြီဆိုကတည်းက ပြည်ထဲရေး လက်အောက်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင်များရဲ့ အကြမ်းဖက်အားပေး လုပ်ရပ်တွေကို အစဉ်တစိုက် မြင်ခဲ့ရပါတယ်။ တာဝန်သိ ပြည်သူများက သတင်းပေးပို့ တိုင်းကြားလို့လည်း အရေးတယူ မလုပ်ပါဘူး။ အရေးတယူ မလုပ်တဲ့ အပြင် ဆက်သွယ်သတင်းပေး တိုင်ကြားသူ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း အကြမ်းဖက်လှုပ်ရှားသူများဘက်ကို ပြန်လည်သတင်းပေးတဲ့အတွက် အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

၂၂-၆-၂၀၂၂ ရက်နေ့က ရေဦး ကနေ ရွှေဘိုကို တရားခံသွားပို့တဲ့ ရဲတပ်ဖွဲ့ဝင်များကို PDF က ခြုံခိုတိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင် အများအပြား ကျဆုံးခဲ့ရပါတယ်။ ဒေသခံတွေရဲ့ ဆက်သွယ်ပြောကြားချက်အရ ဖရဲသီး ရှိလို့ ဖြစ်ရတာလို့ ဆိုပါတယ်။


အကြမ်းဖက်အားပေး ဖရဲသီးရဲတွေအကြောင်း မပြောမီ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် အသက်ကိုပင်ပဓာနမထားဘဲ တာဝန်ဆောင်နေကြတဲ့ ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင် ညီနောင်များ အားလုံးကို လွန်စွာ လေးစားဂုဏ်ပြုပါကြောင်း ပြောပါရစေ။ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် ပေးအပ်လာတဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေကြသူများ၊ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံခြင်း မရှိသော ရဲတပ်ဖွဲ့ဝင်များကြောင့်လည်း အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို အထိုက်အလျောက် ကာကွယ်နေနိုင်ခြင်းဖြစ်ပါတယ်။


NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများက CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များဖွဲ့စည်းပြီး ပြည်သူအချင်း လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ ကာလမှာ ရဲတပ်ဖွဲ့ဝင်တချို့ဟာ နီပိန်းတွေနဲ့ မခြား NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများရဲ့ လုပ်ကြံဖန်တီး ဝါဒမှိုင်းတိုက်မှုတွေနောက်မှာ ပါဝင်လာကြပါတယ်။ အကြမ်းဖက်လှုံ့ဆော်သူများနဲ့ တသားတည်း ရပ်တည်နေကြတယ်လို့ ဆိုနိုင်ပါတယ်။


အကြမ်းဖက်သမားတွေနဲ့ တသားတည်း ရပ်တည်လာကြသူတွေဟာ ကိုယ့်ရဲတပ်ဖွဲ့ဝင်အချင်းချင်း အပေါ်မှာ သစ္စာမထားကြတော့သလို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်တွေကိုလည်း လုံးဝ အလေးဂရုမပြုကြတော့ပါဘူး။ သူတို့ကိုယ်တိုင်က ပြည်ပြေး ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေနဲ့ တသားတည်း ရပ်တည်နေကြတဲ့အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး ဆိုတဲ့ ရည်မှန်းချက်တာဝန်(၄)ရပ် ဟာ သူတို့ ခေါင်းထဲမှာ မရှိကြတော့ပါဘူး။ 


အဲဒီလို မရှိခြင်းကြောင့်လည်း မိမိ NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေက မိမိတို့ရဲ့ ရဲဘော်ရဲဘက် ရဲတပ်ဖွဲ့ဝင်များကို ဘယ်လောက်ပဲ လုပ်ကြံသတ်ဖြတ်နေနေ ခံစားချက်မရှိဘဲ အကြမ်းဖက်သမားများ၊ အကြမ်းဖက်လှုံ့ဆော်သူများနဲ့ အပေးအယူလုပ်ပြီး ကိုယ်ကျိုးရှာနေကြတာပဲ ဖြစ်ပါတယ်။


အစောဆုံးဖြစ်ပေါ်ခဲ့တဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု သာဓက တစ်ခုကို ဒီနေရာမှာ ထည့်သွင်းဖော်ပြချင်ပါတယ်။ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာမှာ NLD အစွန်းရောက်တွေက ကိုယ့်ရွာသူရွာသားအချင်းချင်း အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာတဲ့ ကာလမှာ USDP ပါတီဝင်တွေ အတိဒုက္ခရောက်ခဲ့ကြရပါတယ်။ ဦးညွန့်ခိုင်၊ ဒေါ်မိုးသူဇာ၊ ဒေါ်မို့မို့ဝင်း နဲ့ အခြားသော USDP ပါတီဝင်များရဲ့ နေအိမ်များ မီးရှို့ဖျက်ဆီးခံရပါတယ်။ NLD အစွန်းရောက်တွေက လူမဆန်တဲ့ လုပ်ရပ်တွေ ကျူးလွန်လာတဲ့တွက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ အဲဒီအထဲမှာ ဒေါ်မို့မို့ဝင်းရဲ့ ခင်ပွန်း ကိုကျော်မျိုးသက် ကို ကာပေါင်းကျကျေးရွာက ဘုန်းကြီး ဦးစန္ဒိမာက "မင်းတို့ ပြန်လာကြတော့။ ပြေလည်အောင် ညှိနှိုင်းပေးမယ်။ ရွာမှာ ဖြစ်တဲ့ကိစ္စတွေကိုလည်း တပ်ကို သတင်းမပေးနဲ့။ မင်းတို့ အေးအေးဆေးဆေး ရွာမှာ ပြန်နေလို့ ရအောင် စီစဉ်ပေးမယ်" လို့ ခေါ်တဲ့ အတွက်ကြောင့် ကိုကျော်မျိုးသက်ဟာ ဘုန်းကြီးကို ယုံကြည်ပြီး ဇနီးဖြစ်သူ ဒေါ်မို့မို့ဝင်း နဲ့ ကလေးတွေကို ထားခဲ့ပြီး ရွာကို ပြန်သွားခဲ့တယ်။ ကိုကျော်မျိုးသက်ကို ဘုန်းကြီး ဦးစန္ဒိမာရဲ့ ကျောင်းပေါ်မှာပဲ လုပ်ကြံသတ်ဖြတ်လိုက်ကြတယ်။ 

အဲဒီ ဦးစန္ဒိမာဆိုတဲ့ ဘုန်းကြီးဟာ နိုင်ငံရေးအစွန်းရောက် ရွာထဲ ရပ်ထဲမှာ သူကိုယ်တိုင်က လော်နဲ့ အော်ပြီး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်အောင်လှုံ့ဆော်ခဲ့သူ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နယ်မြေရဲစခန်းက ဦးစန္ဒိမာကို ဖမ်းဆီးပြီး ၂ရက် အကြာမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ ကိုကျော်မျိုးသက် ဆုံးပါးသွားခဲ့ရပြီး ဒေါ်မို့မို့ဝင်း နဲ့ ကလေးများကို ဆရာတော်ဦးဝါသဝ က သွားရောက်ခေါ်ယူ စောင့်ရှောက်ပေးထားရတာ ယနေ့အချိန်အထိ ပါပဲ။ ဦးစန္ဒိမာအပါအဝင် NLD အစွန်းရောက် လူသတ်တရားခံတွေကိုတော့ အခုထိ ဖမ်းဆီး အရေးယူနိုင်ခြင်းမရှိပါဘူး။

နောက်ထပ် သာဓက တစ်ခုကတော့ တန့်ဆည်မြို့နယ်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ကံထူးမကျေးရွာ မှာ ရဲတပ်ဖွဲ့ဝင် မိသားစုတွေကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက ဝင်ရောက်သတ်ဖြတ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီးဖြစ်သူဟာ တန့်ဆည်မြို့မ ရဲစခန်းမှာ ရှိနေတဲ့ ခင်ပွန်းဖြစ်သူကို လာကယ်ဖို့ အကြောင်းကြားပါတယ်။ စခန်းမှူးက နောက်နေ့မှ အလောင်းသွားလိုက်လို့ ပြောပါသတဲ့။ အဲဒီလို တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့မှု တွေကြောင့် ရဲတပ်ဖွဲ့ဝင် အချို့ ထွက်ပြေးသွားကြတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။


ရဲကျင့်ဝတ်ကို လေ့လာကြည့်မယ်ဆိုရင် ရဲတပ်ဖွဲ့ဝင်တိုင်း သတိပြုရန် ဆိုတဲ့ အချက်(၄)ချက်မှာ လုပ်ငန်းစဉ်မူဝါဒ ရှိရမည်၊ မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီမံချက် ရှိရမည်၊ စီမံချက်ကို အကောင်အထည်ဖော်ရန် လက်တွေ့ လုပ်ငန်းဆောင်ရွက်ချက် ရှိရမည်၊ လုပ်ငန်းကွပ်ကဲကြပ်မက်မှု ရှိရမည် ဆိုပြီး တွေ့ရပါလိမ့်မယ်။ အကြမ်းဖက်အန္တရာယ် နှိမ်နင်းရေးမှာတော့ ဖရဲသီးရဲတွေမှာ သတိပြုရန်ဆိုတဲ့ အချက်တွေကို တစ်ချက်မှ အလေးမထားဘူးလို့ ဆိုရမလိုပါပဲ။ သို့ပေသော် ပြည်သူတစ်ဦးတစ်ယောက်အပေါ် ဥပဒေလက်တစ်လုံးခြား ဒုက္ခပေးရမယ်ဆိုရင်ဖြင့် သတိပြုရန် အချက်တွေနဲ့ အညီ လုပ်ငန်းစည်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်တာကို တွေ့ရမှာဖြစ်ပါတယ်။

သာဓကတွေကို တစ်ခုစီသာ ထုတ်နှုတ်ပြဆိုတယ်ဆိုပေမယ့် သာဓကပေါင်းက ထောင်သောင်းမက ရှိတယ်လို့ နားလည်ပေးကြပါ။ NLD အစွန်းရောက်များ ဆူပူအကြမ်းဖက်နေမှုကို အခွင့်ကောင်းယူပြီး မင်းဘူးမြို့နယ်မှာ ရဲအရာရှိများက ဘာအညှိုးကြောင့်ရယ် မသိဘဲ တပ်မတော်သားဟောင်းတစ်ဦး USDP ပါတီဝင် တစ်ဦးကို ၅၀၅-က နဲ့ တိတိကျကျ ဂွင်ဆင်ထောင်ချတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ခံရသူကတော့ တပ်မတော်သားဟောင်း USDP ပါတီအတွက် စည်းရုံးရေးမှူး လုပ်ခဲ့သူ ဦးဟန်ထွန်းဖြစ်ပါတယ်။ ဦးဟန်ထွန်းနဲ့ သူငယ်ချင်းဖြစ်သူကို စတင်ဖမ်းဆီးတာက ခိုးမှုတစ်ခုနဲ့ ပတ်သက်လို့ပါ။ အချုပ်ထဲ ထည့်ထားပြီး ဦးဟန်ထွန်းရဲ့ ဖုန်းကို သိမ်းပါတယ်။ အကြမ်းဖက်လှုံ့ဆော် ဧရာဝတီ သတင်းဌာနက သတင်းတစ်ပုဒ်ကို ဦးဟန်ထွန်းက သူအသုံးပြုတဲ့ facebook account မှာ Share ထားပါတယ်။ အဲဒီဟာကို ရွှေဉာဏ်တော် စူးရောက်တဲ့ ရဲအရာရှိနဲ့ တပ်ဖွဲ့ဝင်များက ၅၀၅-က မြောက်စေမယ့် စာတွေ Edit လုပ် ရေးသားပြီး ဦးဟန်ထွန်းကို CDM လှုံ့ဆော်သူ အဖြစ် အပြင်းအထန် နှိပ်စက်ကြပါတော့တယ်။ နောက်ဆုံးတော့ ထောင်ထဲကို ပို့လိုက်ပါတယ်။ ပြည်ပက ဂိုရှယ်လေး က ဆက်သွယ်မေးမြန်း ဖော်ထုတ်ခဲ့သလို တာဝန်ရှိလူကြီးမင်းများကို သက်သေသက်ကာယများနဲ့အတွက် အဆက်အပြတ် တင်ပြနိုင်ခဲ့လို့ လွတ်မြောက်ခဲ့ပါတယ်။ နစက သတင်းစာရှင်းလင်းပွဲမှာ မြန်မာနေရှင်နယ်ပို့စ်ကလည်း မေးခွန်းထုတ်ခဲ့ပါတယ်။ ဦးဟန်ထွန်း လွတ်မြောက်လာပါတယ်။ နံရိုး ၅ချောင်း ကျိုးအောင် အရိုက်ခံခဲ့ရပါတယ်။ တပ်မတော်ဆေးရုံးမှာ တက်ရောက်ကုသခဲ့ရတဲ့ မှတ်တမ်းတွေ အထင်အရှားရှိသလို ယခုအချိန်အထိ ဦးဟန်ထွန်း ဒုက္ခိတအဖြစ်နဲ့ သက်ရှိထင်ရှားရှိနေဆဲပါ။ ဦးဟန်ထွန်းကို လူမဆန်စွာ နှိပ်စက်ကူလူပြုခဲ့တဲ့ ရဲအရာရှိနဲ့ တပ်ဖွဲ့ဝင်များဟာ အရေးယူခြင်း မခံရတဲ့အပြင် ရာထူးတိုးရသွားကြတယ်လို့ သိရပါတယ်။ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်ဆန်းများထဲက တစ်ခုပါပဲ။


ဒီဖြစ်စဉ်ကို အဂတိမှုလို့ ခေါင်းစဉ်တပ်မရပါဘူး။ အာဏာအလွဲသုံးစား အပြစ်မဲ့ပြည်သူကို ညှဉ်းပမ်းနှိပ်စက်ခြင်း ဖြစ်ပါတယ်။


ဖရဲသီးတွေ များလွန်းမက များလာတော့ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် ဥပဒေ၊ စည်းကမ်းဘောင်အတွင်းက ဆောင်ရွက်နေသူတွေပါ ပြည်သူ့ရဲလို့ ထုတ်ဖော်ပြောဆိုရမှာ ရှက်စရာဖြစ်လာပါတယ်။ ရဲစခန်းအတွင်းမှာ ဖြစ်တဲ့ တပ်မတော်သားနဲ့ ရဲအရာရှိပြဿနာ တက်တဲ့ ရုပ်သံဟာ ပြည်ဖျက်မီဒီယာလက်ထဲကို ချက်ချင်းရောက်သွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့သလို ကြေးနန်းစာတွေဟာလည်း ပြည်ဖျက် မီဒီယာလက်ထဲကို မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း ရရှိသွားတာကို တွေ့နေရပါတယ်။ ပြည်ပြေး အကြမ်းဖက်လှုံ့ဆော်မီဒီယာတွေအနေနဲ့ ရနိုင်စရာ အကြောင်းမရှိတဲ့ ဓာတ်ပုံမှတ်တမ်းတွေကိုလည်း မကြာခဏ တွေ့နေရတယ်။ 

လုံခြုံရေးစည်းတွေက ကျိုးပေါက်နေတာ NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေ စပြီး ဆူပူအကြမ်းဖက် ကတည်းက ဆိုပါတော့။ ယနေ့အချိန်အထိလည်း ယခင်ကလိုပါပဲ။ ဆိုတော့ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်နေပါတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးက ဘယ်လောက်ပင် ပြောစေကာမူ လုပ်ငန်းကို အမှန်တကယ် ဖော်ဆောင်သူတွေက တရားဥပဒေစိုးမိုးရေးအတွက် လုပ်နေကြခြင်းမဟုတ်ဘဲ အကြမ်းဖက်အားပေး လုပ်နေတာဖြစ်တဲ့ အတွက် တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို ရောက်မလာဘဲ ဆိုးသည်ထက် ဆိုးလာနေတဲ့ အကြမ်းဖက်အန္တရာယ်ကို ရင်ဆိုင်နေကြရခြင်းဖြစ်ပါတယ်။

အကြမ်းဖက်ဘေးအန္တရာယ် ဆိုးဆိုးရွာရွား ကြုံတွေ့နေရတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့မှာ ပြည်သူတွေဟာ ကိုယ့်ရပ်ကိုယ့်ရွာကို ကိုယ်တိုင်ကာကွယ်မှ ရတော့မယ်ဆိုတဲ့ အသိနဲ့ ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရောက်တာဝန်ထမ်းဆောင်လာကြပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ မူဝါဒကလည်း ပြည်သူများပါဝင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာနဲ့ အကြမ်းဖက်အန္တရာယ်တွေကို ကာကွယ်သွားဖို့ အစီအစဉ်ကို အတိအလင်း ပြောဆိုထားပါတယ်။ သို့သော် မြို့နယ်စီမံအုပ်ချုပ်ရေးမှာ ပါဝင်နေသူတချို့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို မလိုလားတဲ့ သဘောတွေ တွေ့နေရပြီး အကြမ်းဖက်အုပ်စုထဲက ငွေရှင်ကြေးရှင်တွေနဲ့ ပေါင်းပြီး သာယာနေကြတာကို တွေ့ရတာတော့ အံ့သြစရာပါပဲ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ မူဝါဒတွေဟာ အောက်ခြေမှာ နေရာရသခိုက် ကိုယ်ကျိုးရှာ အမြတ်ထုတ်လိုက်အုံး မယ်ဟဲ့ ဆိုတဲ့ ဝိသမလောဘသားတွေကြောင့် အရာမထင်ပါဘူး။ နိုင်ငံတော်ရဲ့ မူဝါဒတွေကို မြေပြင်မှာ တာဝန်ယူဆောင်ရွက်နေသူများကသာ မှန်မှန်ကန်ကန် ဖော်ဆောင်နေကြမယ်ဆိုရင်တော့ ဘယ်အချိန်မှာ အပြီးအပြတ် နှိမ်နင်းနိုင်ပါလိမ့်မယ်လို့ အတိအကျ ပြောဆိုနိုင်ပါလိမ့်မယ်။ နိုင်ငံတော်ရဲ့ မူဝါဒက ဘယ်လောက်ပင် ကောင်းမွန်မှန်ကန်နေစေကာမူ လုပ်ငန်းဖော်ဆောင်သူတွေက အလွဲလွဲအချော်ချော် ဖြစ်အောင် ကိုယ်ကျိုးရှာ အမြတ်ထုတ်နေသ၍ ပြည်သူတွေ အကြမ်းဖက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေကြရအုံးမှာပဲ ဖြစ်ပါတယ်။


အထူးအားဖြင့် အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ တသားတည်း ရပ်တည်နေကြတဲ့ ရဲ ဖရဲသီးများကို အလေးထား တင်ပြခဲ့ပါတယ်။ ရန်ကုန်မြို့ မီးရထားပေါ်မှာ ရဲတပ်ဖွဲ့ဝင် (၄)ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားတာ NLD အစွန်းရောက်တွေပဲ မဟုတ်လား။ အမြန်လမ်းမှာ ရဲတပ်ဖွဲ့ဝင် (၅)ဦးကို အိပ်ဆေးခပ်ပြီး သတ်သွားတာ NLD အစွန်းရောက်တွေပဲ မဟုတ်ဘူးလား။ မန္တလေးမြို့ပေါ်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို မီးကျွတ်ကျွတ်ကျွန်းအောင် တာယာကွင်းပုံပြီး မီးရှို့သတ်သွားတာ NLD အစွန်းရောက်တွေ မဟုတ်ဘူးလား။ သေဆုံးသွားရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ခင်ဗျားတို့ရဲ့ ရဲဘော်ရဲဘက်တွေ မဟုတ်ဘူးလားဗျာ။ ဖရဲသီးများအနေနဲ့ တည်ငြိမ်အေးချမ်းမှုလိုလားတဲ့ ပြည်သူကို အကာအကွယ်မပေးချင်ဘူး။ NLD အစွန်းရောက် အကြမ်းဖက်သမားများနဲ့ တသားတည်း ရပ်တည်ချင်နေတယ်ဆိုရင်တောင် NLD အစွန်းရောက်တွေက ငါတို့ ရဲဘော် ရဲဘက်များအပေါ် ဘယ်လောက်အထိ ယုတ်မာပက်စက်ခဲ့သလဲ ဆိုတာလေး စဉ်းစားကြဖို့ ကောင်းပါရဲ့။

ရဲတပ်ဖွဲ့ဝင်များရဲ့ သစ္စာ(၄)ချက် မှာ - 

၁။ ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။

၂။ ငါတို့သည် တရားဥပဒေနှင့်အညီ တိတိကျကျ မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်ပါမည်။

၃။ ငါ့အား အထက်မှ ပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။

၄။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့အဖွဲ့အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါသည်။

သစ္စာ(၄)ချက်နဲ့အညီ ရပ်တည်နေတဲ့ ရဲတပ်ဖွဲ့ဝင်များကို ဦးညွတ်ဂုဏ်ပြုပါကြောင်း ထပ်လောင်းပြောဆိုပါရစေ။ သစ္စာ(၄)ချက်ကို အဆုံးစွန်ချိုးဖောက်နေတဲ့ ဖရဲသီးများကတော့ သစ္စာစူးပြီး ဆွေခုနှစ်ဆက်၊ မျိုးခုနှစ်ဆက် အတိဒုက္ခရောက်မှာကို မြင်ယောင်နေလို့ ဖြစ်ပါတယ်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ်မှာ သစ္စာမထားဘဲ ပြည်ပြေး အကြမ်းဖက်သမားတွေကို သစ္စာခံပြီး အတွင်းသတင်း အပြင်ထုတ်နေတဲ့ ဖရဲသီးတွေ များလွန်မက များနေတယ်။ အဲဒီ ဖရဲသီးများအနေနဲ့ တရားဥပဒေနဲ့အညီ တိတိကျကျ မှန်မှန်ကန်ကန် လုပ်ဆောင်ရမယ်လို့ သစ္စာဆိုထားပေမယ့် အကြမ်းဖက်သမားဆီက လာဘ်လာဘ ယူပြီး တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင် အဓိက လုပ်ဆောင်နေကြသူများ ဖြစ်နေတယ်။ 

ပြည်ပြေးအကြမ်းဖက်သမားများကို သစ္စာခံပြီး ဥပဒေစိုးမိုးရေး ပျက်ပြားအောင် စနစ်တကျ လုပ်ရမယ်လို့ အထက်ကတော့ အမိန့်မပေးလောက်ဘူးလို့ ထင်မိပါတယ်။ (၃)ချက်မြောက် သစ္စာအဓိဋ္ဌာန်မှာက "ငါ့အား အထက်မှ ပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။" ဆိုတော့ အထက်လူကြီးများကပဲ ဥပဒေစိုမိုးရေးပျက်ပြားအောင် လုပ်ဆောင်ဖို့ အမိန့်များပေးနေတဲ့အတွက် လုပ်ဆောင်နေကြတာလားလို့ စဉ်းစားစရာ တစ်ချက်ရှိပါတယ်။ အဲဒီလိုတော့ဖြင့် အမိန့်ပေးလိမ့်မယ်လို့ မထင်ပါဘူး။

နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးအတွက် အသက်နှင့် ခန္ဓာကို စတေးခဲ့ရတဲ့ တမလွန်က ရဲတပ်ဖွဲ့ဝင် ညီနောင်အပေါင်းကို ဦးညွှတ်ဂါရပြုပါတယ်။ ညီနောင်များရဲ့ ရဲဘော်ရဲဘက်များထဲမှာ ဇာတ်တူသားစားလိုတဲ့ အကြမ်းဖက်အားပေးတွေ ရှိနေတာကို တမလွန်က ရဲတပ်ဖွဲ့ဝင် ညီနောင်များလည်း သိရှိနေကြလိမ့်မယ် ထင်ပါတယ်။ 

ရဲတပ်ဖွဲ့ဝင်များရဲ့ စံ(၅)ရပ်မှာတော့ - (၁)စိတ်ဓာတ်ကောင်းမွန်မှု၊ (၂)စည်းကမ်းကောင်းမွန်မှု၊ (၃)သစ္စာစောင့်သိမှု၊ (၄)စည်းလုံးညီညွတ်မှု၊ (၅) စွမ်းရည်ပြည့်ဝမှု လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်များဟာ ဘယ်လိုစိတ်ဓာတ်မျိုး ထားရမလဲ ဆိုတာနဲ့ ပတ်သက်လို့ လေ့လာကြည့်တဲ့အခါ (၁) လှေခွက်ချည်းကျန် အလံမလဲသည့် စိတ်ဓာတ်၊ (၂) တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊ (၃) အမိနိုင်ငံတော်၏ မြေကို ၁လက်မမှ ပဲ့အပါမခံနိုင်သည့် စိတ်ဓာတ် မျိုး ထားရှိမယ်လို့ ညွှန်းဆိုထားပါတယ်။ 

ဒါတွေဟာ စာအုပ်ထဲမှာပဲ ကဗျည်းမှတ်တမ်းအဖြစ် ရှိနေပြီး အကြမ်းဖက်အားပေး ဖရဲသီးများကတော့ စံ(၅)ရပ်ကိုလည်း အလေးမထားတဲ့အတွက် ကိုယ့်ရဲဘော်ရဲဘက်အချင်းချင်းတောင် သေကြောင်းကြံနေကြပြီ။ ရဲတပ်ဖွဲ့ဝင်များ ထားရှိသင့်တဲ့ စိတ်ဓာတ်မျိုး ထားရှိဖို့ မပြောနဲ့ သာမန်ပြည်သူတစ်ယောက်လောက်တောင် တိုင်းပြည်အပေါ်မှာ သစ္စာမရှိတော့တဲ့ အကြမ်းဖက်အားပေး စိတ်ဓာတ်မျိုးတွေ ကိန်းအောင်နေကြပြီ။

အနှစ်ချုပ်အားဖြင့် NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ စတင်ဆူပူအကြမ်းဖက် လှုံ့ဆော်ခဲ့ကြတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့မှစ၍ ယနေ့တိုင်အောင် ရဲတပ်ဖွဲ့ဝင်များရဲ့ ဥပဒေမဲ့ ဆောင်ရွက်ချက်များ၊ အပြစ်မဲ့ ပြည်သူများအပေါ် လုပ်ကြံဖန်တီး တရားစွဲဆိုမှုများ၊ အကြမ်းဖက်လှုံ့ဆော်မီဒီယာများထံ သတင်းပေးပို့နေမှုများကို မြင်တွေ့ ကြားသိနေရကြသော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိသလို တိကျ ပြတ်သားတဲ့ လမ်းညွှန်ချက်မျိုး ထုတ်ပြန်တာလည်း မတွေ့ရပါဘူး။ နိုင်ငံတကာ စံနှုန်းနဲ့ ပြောရင် နိုင်ငံတကာရဲတပ်ဖွဲ့များမှာ အဂတိကင်းတယ်ဆိုတာ မရှိပါဘူး။ ဒီအချက်ကသာ နိုင်ငံကာစံနှုန်း ဖြစ်နေမယ်ဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း က ဖရဲသီးများကတော့ နိုင်ငံကကာစံနှုန်းရဲ့ ထိပ်မှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်များလို့ တင်စားပြောဆိုရမှာ ဖြစ်ပါတယ်။ NLD အစွန်းရောက် ပြည်ပြေး ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်လှုံ့ဆော်သူများနဲ့ တသားတည်း ရပ်တည်နေတဲ့ ရပ်တပ်ဖွဲ့ဝင်အတွင်းက အကြမ်းဖက်အားပေး ဖရဲသီးများကို ပြည်ထဲရေးဝန်ကြီးဌာနက ဒီအတိုင်းပဲ ကြည့်နေတော့မှာလား၊ NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေတဲ့ လုပ်ရပ်တွေဟာ NLD အစိုးရ ၅နှစ်သက်တမ်းအတွင်း မှာ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်လို့ ထူးပြီး အံ့သြဖွယ် မရှိပေမယ့် NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများရဲ့ မှိုင်းမိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက တိုင်းဖျက် ပြည်ဖျက် လုပ်ငန်းတွေကို အားပေးအားမြှောက် ပြုနေခြင်းကိုတော့ လွန်စွာ စိတ်ပျက်မိပါတယ်။

NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးလို့ ခေါင်းစဉ်တပ်ထားသော PDF အကြမ်းဖက်အဖွဲ့ရဲ့ သစ္စာအဓိဋ္ဌာန် (၄)ချက် က - (၁) ငါတို့သည် ပြည်ထောင်စုနှင့် ပြည်ထောင်စုသားများအပေါ် သစ္စာစောင့်သိပါမည်၊ (၂) ငါတို့သည် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော သူရဲကောင်းများကို သစ္စာစောင့်သိပါမည်၊ (၃) ငါတို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်၊ (၄) ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ငါတို့၏ အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါသည် လို့ ဆိုထားတာကို တွေ့ရတယ်။ နံပါတ်(၃) သစ္စာအဓိဋ္ဌာန် မှာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ PDF အကြမ်းဖက်သမားများဟာ ကိုယ့်သစ္စာစကားကို အလေးမထားဘဲ အပြည်မဲ့ အရပ်သား ရဟန်းရှင်လူပြည်သူပေါင်းများစွာကို သတ်ခဲ့ပြီးပြီ။ သစ္စာစကားကို အလေးမထားတဲ့ PDF တွေရဲ့ ဘဝနိဂုံးမှာ မရှုမလှ အတိဒုက္ခရောက်ခဲ့ကြရတဲ့ အဖြစ်တွေကိုလည်း မြင်တွေ့ခဲ့ကြရပါပြီ။ ဒါတွေကို သင်ခန်းစာယူတတ်မယ်ဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်းမှာ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် သစ္စာအဓိဋ္ဌာန်ပြုပြီး တာဝန်ထမ်းဆောင်နေကြသော ရဲအရာရှိ၊ ရဲတပ်ဖွဲ့ဝင်များ သစ္စာစကားကို ပစ်ပယ်ထားပြီး ဖရဲသီး အဖြစ်နဲ့ တရားဥပဒေစိုးမိုးရေးကို မျက်ကွယ်ပြုပြီး အကြမ်းဖက်အားပေး လုပ်ရပ်များမှာ အားပေးအားမြှောက် ဇွတ်တိုးမိုက်ကြလိမ့်မည် မဟုတ်ပါ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)