ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့တွင် နေပြည်တော်၌ ကောင်းမှုကုသိုလ် ပြုလုပ်သူများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့တွင် နေပြည်တော်၌ ကောင်းမှုကုသိုလ် ပြုလုပ်သူများဖြင့်စည်ကား





MNP ၊ ဇူလိုင် ၁၂

ယနေ့သည် ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ဖြစ်သည်နှင့်အညီ နေပြည်တော်ရှိ တန်ခိုးကြီးဘုရား၊ ပုထိုးစေတီများ၌ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်သူ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။


ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပွဲ အခမ်းအနားကျင်းပခဲ့ပြီး နေပြည်တော်နှင့် ပတ်ဝန်းကျင်မြို့နယ်၊ ကျေးရွာများအနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက် တည်ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်ကို တွေ့ရသည်။


အလားတူနေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟမဟာဗောဓိ စေတီတော်ကြီးနှင့် “ဖွား၊ ပွင့်၊ ဟော၊ စံ” သံဝေဇနိယ (၄) ဌာန၊ မဟာသကျရံသီရပ်တော်မူ ရုပ်ရှင်တော်မြတ်ကြီးစသည့် ဘုရားများတွင်လည်း ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက် ရှိသည်။


ထို့အတူ ယနေ့နံနက်ပိုင်းမှစတင်ပြီး နေပြည်တော်ရှိ လက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ရန်အောင်မြင်စေတီတော်၊ လယ်ဝေးမြို့ဖောင်တော်ချက်မ စေတီတော်၊ ပျဉ်းမနား ဘုရားကိုးဆူ စေတီတော်၊ ဓာတုဇယဓာတ်ပေါင်းစုစေတီတော် အပါအဝင် ဘုရား၊ ပုထိုးစေတီများ၊ ဘုန်းကြီးကျောင်းများနှင့် ဓမ္မရိပ်သာများတွင် ဘုရားဖူးများ လာရောက်ပြီး ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းတို့ဖြင့် ကုသိုလ်ယူကြသည်။


ဝါဆိုလပြည့်နေ့သည် ဓမ္မစကြာအခါတော်နေ့ဖြစ်သည်နှင့်အညီ ဝတ်အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်ခြင်း၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်ခြင်း စသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသည်။


ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ဂေါတမဘုရားလောင်း ပဋိသန္ဓေ တည်သောနေ့၊ တောထွက်တော် မူသောနေ့၊ ဓမ္မစကြာတရား စတင်ဟောကြားသောနေ့၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ပေါက်သောနေ့၊ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့၊ ပုထုဇဉ် ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့၊ ''ဧဟိဘိက္ခု''ဟူသော စကားကို စတင်ကြားရသောနေ့ စသည်တို့ဖြင့် ထူးခြားသည့်နေ့တစ်နေ့ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)